Home
ဆောင်းပါး
ဟားမတ်စ်ဓားစာခံ အစ္စရေးလူငယ်တဦးအတွက် မိခင်ရဲ့သောက
DVB
·
November 10, 2023

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတဦးရဲ့ မိခင်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဟားမတ်စ်ကထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်တခုထဲမှာပါတဲ့ စိုးရိမ်ထိတ်လန့်နေပုံရတဲ့ သားဖြစ်သူကို မြင်တွေ့လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ချစ်မေတ္တာနဲ့ ခွန်အားပေးစကား ပြောနေရင်း ငိုကြွေးနေပါတယ်။

ဓားစာခံ အယ်လ်မွတ်မေယာရဲ့အမေ အိုရစ်မေယာက “အယ်လ်မွတ်ရေ အမေ့ကို တွေ့ရလား သား။ အမေတို့ သားပြန်လာနိုင်ဖို့ ဖြစ်နိုင်သမျှ အရာအားလုံး လုပ်နေတာကို သိစေချင်တယ်။ အားတင်းထားပါသား။ အမေတို့ သားကို သိပ်ချစ်တယ်ဆိုတာ သားသိပါတယ်။ သားကို ခွန်အားတွေ အများကြီးပို့ပေးလိုက်တယ်။ အမေတို့ တတ်နိုင်သမျှ အကုန်လုပ်မယ်” လို့ ငိုကြွေးရင်းနဲ့ ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် အယ်လ်မွတ်မေယာဂျန်ဟာ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တွေက အစ္စရေးကို စတင်တိုက်ခိုက်ချိန်က ဂီတပွဲတော်တခုမှာ ရှိနေခဲ့တာလို့ မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

အိုရစ်မေယာက “အဲ့မနက်က စနေမနက်၊ ရှစ်နာရီမထိုးခင် ဆယ့်ငါးမိနစ်အလိုလောက်မှာ သားက ကျမကိုဖုန်းဆက်ပြီး ‘မေမေ သတင်းကြားပြီးပြီလား’ လို့မေးတော့ ကျမက မကြားဘူး၊ သားဖုန်းဆက်လို့ အမေ ခုမှနိုးတာလို့ ပြန်ပြောလိုက်တယ်။ ‘အမေ’၊ နေရာတိုင်းကို ဒုံးကျည်တွေနဲ့ ပစ်နေတယ်။ စစ်တပ်က ပါတီပွဲတွေကို ပိတ်လိုက်တယ်။ ဘာဖြစ်နေလဲ မသိဘူး၊ ကျနော်ပုန်းနေတယ်။ နာရီဝက်တိုင်း အမေ့ဆီ ဆက်သွယ်မယ်။ ‘အမေ့ကိုချစ်တယ်’ တဲ့ ၊ အဲဒါ သားဆီကနေ နောက်ဆုံးကြားလိုက်ရတဲ့ စကားသံပဲ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ သားက ပုန်းအောင်းနေခဲ့ကြောင်းနဲ့ နာရီဝက်တခါ သူ့ဆီကို ဖုန်းဆက်မယ်လို့ ပြောခဲ့တဲ့ နောက်ပိုင်းကစပြီး သားဆီက နောက်ထပ် ဘာအဆက်အသွယ်မှ မရတော့ဘူးလို့ မိခင်ဖြစ်သူ အိုရစ်မေယာက ပြောပါတယ်။

သားကိုအားပေးတဲ့ မက်ဆေ့ချ်တစောင် ပေးပို့ရင်း ငိုနေခဲ့ရကြောင်းနဲ့ သားသူငယ်ချင်း မိန်းကလေးတယောက်က သူ့ဆီပို့ပေးလိုက်တဲ့ ဗီဒီယိုထဲမှာ မျက်နှာကို လက်နဲ့အုပ်ပြီး တုန်လှုပ်နေတာကို မြင်လိုက်ရတဲ့အတွက် သူခံစားခဲ့ရပုံကိုလည်း အိုရစ်မေယာက ပြောပြခဲ့ပါတယ်။

အိုရစ်မေယာက “သူ့မျက်နှာကို မြင်လိုက်ရတဲ့ ဗီဒီယိုထဲမှာ ကျမသားက သူ့ကိုယ်သူ ဖုံးထားပေမဲ့ ကြောက်လန့်တကြားနဲ့ ကြည့်နေတယ်ဆိုတာ သိသာတယ်။ သူ့ကို ဒီလိုမြင်ရတာ အရမ်းစိတ်ထိခိုက်တယ်။ ‘ဒါက ကျမသားလေးရဲ့ ပင်ကိုယ်စိတ်မဟုတ်ဘူး သိလား၊ ကျမသားက အမြဲတမ်း ပျော်ပျော်နေတဲ့ကောင်။ တချိန်လုံး ပြုံးပြုံးရွှင်ရွှင် ရယ်မောနေတတ်တာ။ သူ့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ရုတ်တရက် ဒီလိုအခြေအနေမျိုးမှာ သူ့ကို တယောက်တည်း မြင်လိုက်ရတာ” လို့ ပြောပါတယ်။

ရိုက်တာသတင်းဌာနက အဲဒီဗီဒီယိုကို မိသားစုဆီကနေ ရယူခဲ့ပေမဲ့လည်း ဘယ်လိုရလာတယ် ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။

ဓားစာခံ အယ်လ်မွတ်မေယာရဲ့အမေ အိုရစ်မေယာက သူ့ရဲ့သားဖြစ်သူနဲ့ပတ်သက်ပြီး “သူက ယောက်ျားလေးတယောက်ပါ။ ပါတီပွဲသွားရင်း ဟားမတ်စ်တွေရဲ့ ပြန်ပေးဆွဲခံရတာကို ကြုံတွေ့ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ယောက်ျားလေးတယောက်ပါ။ အခု ဟားမတ်စ်တွေက အိုင်စစ်တွေထက်တောင် ပိုဆိုးနေတဲ့ လုပ်ရပ်အချို့ကို လုပ်ခဲ့တယ်။ သားက ကမ္ဘာပေါ်က ထိတ်လန့်စရာကောင်းတဲ့ နေရာတခုမှာ ရှိနေပြီး ပါတီပွဲသွားတက်တာ သက်သက်ပါပဲ။ နိုင်ငံရေးနဲ့လည်း မဆိုင်ပါဘူး။ လူမှုရေးကိစ္စသက်သက်လုပ်တဲ့ပွဲပါ။ မိခင်တိုင်းက သူတို့ သူ့သားကို ပါတီပွဲကနေ ပြန်ရောက်လာစေချင်ကြပါတယ်” လို့ ပြောပါတယ်။

ဟားမတ်စ်က အခုအချိန်အထိ ဓားစာခံလေးဦးကို လွှတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာ ၂၃ ရက်နေ့က လက်ကမ်းစာစောင်တွေ ကြဲချခဲ့ပြီး ပျောက်ဆုံးနေတဲ့ ဓားစာခံတွေအကြောင်း သတင်းအချက်အလက်ပေးနိုင်တဲ့ ပါလက်စတိုင်းလူမျိုးတိုင်းကို ဂုဏ်ပြုဆုငွေနဲ့ လုံခြုံရေး အကာအကွယ်တွေ ပေးသွားမယ်လို့ ကတိပေး ကမ်းလှမ်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024