Home
မြန်မာသတင်း
မန္တလေး၌ ပေါ်တာဆွဲ‌နေကြောင်း လူမှုကွန်ရက်တွင် ရေးသားသူများ ဖမ်းဆီးခံရ
DVB
·
November 9, 2023

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်က အရပ်သားပြည်သူ ၁၂ ဦးကို ပေါ်တာဆွဲနေတယ်လို့  လူမှုကွန်ရက်မှာ ရေးသားခဲ့မှုနဲ့ နယ်မြေခံရဲစခန်းက ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ဖြစ်ပြီး သူတို့ထဲကမှ ငွေကြေးတတ်နိုင်သူတချို့ကို ကျပ် သိန်း ၆၀ ယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

နိုဝင်ဘာ ၈ ရက်ကစတင်ပြီး လူမှုကွန်ရက်ပေါ်မှာ မန္တလေးမြို့မှာ ညမထွက်ရအမိန့် ပြန်လည်သတ်မှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့သလို နောက်တရက်မှာလည်း စစ်ကောင်စီက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမျိုးသား လူငယ်လူလတ်ပိုင်းတွေကို ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲ့ဒီသတင်းတွေ ဖြန့်ဝေခဲ့သူနဲ့ မှတ်ချက်ပေးသူတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက “မနေ့က ညက ဖမ်းလာတာ။ ဒီနေ့မနက်လည်း အဖမ်းခံရသူတွေရှိတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်တင်တဲ့သူတွေကို ဖမ်းနေတာ။ သတင်းဌာနတွေမှာလည်း မှတ်ချက်ဝင်ရေးတဲ့သူတွေကိုလည်း ဖမ်းထားတယ်။ အချက်အလက် အပြည့်အစုံတင်ထားတဲ့သူတွေအနေနဲ့ အခုလိုတွေ မလုပ်သင့်ဘူး။ ငွေမပေးနိုင်တဲ့သူတွေကို တရားစွဲ ထောင်ချမယ်လို့ သိရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ငွေကြေးတတ်နိုင်သူ ၂ ယောက်ကို ဖမ်းဆီးထားတဲ့ နယ်မြေခံရဲစခန်းက သိန်း ၆၀ ယူကာ ဒီနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မဟုတ်မမှန် သတင်းတွေဖြန့်ဝေသူ အောင်ဆန်း‌အောင်ဆန်းနဲ့ Nyein Nyein ဖေ့စ်ဘွတ်ခ်အကောင့်သုံးသူတွေကို ပုဒ်မ ၅၀၅-က နဲ့ အရေးယူနိုင်ဖို့ ဖမ်းဆီးထားပြီဆိုပြီး ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024