နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု ထန်းတပင်ကျေးရွာမှာ နိုဝင်ဘာ ၈ ရက် ည ၆ နာရီက အမျိုးသားတဦး မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီက ထန်းတပင်ကျေးရွာနဲ့ အနည်းငယ်ဝေးတဲ့ ငှက်ပျောစိုက်ခင်းမှာ အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားတဦး ပုဆိုးကိုအသုံးပြုကာ ဆွဲကြိုးချသတ်သေခဲ့တာ ဖြစ်တယ်လို့ မအူတောကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူ့အစ်ကိုကတွေ့ပြီး ပရဟိတအဖွဲ့တွေကို ဖုန်းဆက်လိုက်တာ၊ ရွာထဲမှာပြောနေတာတော့ အရက်ကြောင်နေတယ်လို့လည်း ပြောတယ်။ တချို့ကလည်း စိတ်မမှန်ဘူးလို့ပြောတယ်။ ရဲတွေပါလာစစ်ပြီး ဆေးရုံပို့လိုက်တယ်။”
သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို ဇေယျာသီရိမြို့မရဲစခန်းက စစ်ဆေးပြီးနောက် ကရုဏာရှင် လူမှုကူညီရေးအသင်းကားနဲ့ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မအူတောကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း အသက် ၄၂ နှစ်အရွယ် အမျိုးသားတဦး မိမိကိုယ်ကို ဆွဲကြိုးချသတ်သေခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
ဇေယျာသီရိမြို့နယ်မှာ အောက်တိုဘာလအတွင်းက အောင်ဇေယျရပ်ကွက်၊ မအူတောကျေးရွာ၊ ရွှေကျကျေးရွာနဲ့ သာစည်ကျေးရွာမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦး မိမိကိုယ်ကို ဆွဲကြိုးချသတ်သေခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။