သံသယရှိတဲ့ မာဖီးယားဂိုဏ်းဝင်တွေကို အီတလီ-အမေရိကန် ရဲတပ်ဖွဲ့ ပူးပေါင်းစီးနင်းမှု အပြီးမှာ အီတလီမှာ လူ ၇ ဦးနဲ့ အမေရိကန်ပြည်ထောင်စုမှာ ၁၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အီတလီရဲတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
နယူးယောက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂမ်ဘီနို ရာဇဝတ်မိသားစုနဲ့ သူ့ရဲ့ ဆစ်စီလီယန် မိတ်ဆွေတွေထဲက တချို့ကို ပစ်မှတ်ထားတဲ့ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုအပြီးမှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုကနေ “နယူးယောက်နဲ့ ဆစ်စီလီယန် လူရမ်းကားတွေ အကြားက ရှိရင်းစွဲ ဆက်ဆံရေးရဲ့ ခိုင်မာမှု” နဲ့ ဆစ်စီလီယန် ကိုစာနိုစ်ထရာ ဂိုဏ်းတွင်းအရေးတွေကို အမေရိကန်ရဲ့ စိတ်ဝင်စားမှုကို ဖော်ထုတ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂမ်ဘီနို ရာဇဝတ်မိသားစုဟာ နယူးယောက်ရှိ သမိုင်းဝင် အီတလီ-အမေရိကန် မာဖီးယား မိသားစု ၅ ခုထဲက တခုဖြစ်ပါတယ်။
မိသားစုလိုက် ရာဇဝတ်လုပ်ငန်း လုပ်ကိုင်သူတွေကို အရင်တုန်းက စွဲချက်တင်ထားတာမှာ လူသတ်မှု၊ အတိုးကြီးကြီးနဲ့ ချေးငွေချမှု၊ တရားမဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတို့ ပါဝင်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အီတလီမှ သံသယရှိသူတွေကို မာဖီးယားဂိုဏ်း ထူထောင်ထားမှုအပြင် တခြားဆက်စပ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားပြီး အမေရိကန်မှာ ဖမ်းဆီးခံရသူတွေကို ရာဇဝတ်အသင်းဖွဲ့မှု၊ ငွေညှစ်မှု၊ မီးရှို့မှု၊ ပူးပေါင်းကြံစည်မှု၊ လိမ်လည်မှုတို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
Source/Photo-Reuters