Home
မြန်မာသတင်း
မောင်တောဒေသခံများနှင့် UNHCR လက်ထောက်မဟာမင်းကြီး တွေ့ဆုံ၊ ပညာရေး ကျန်းမာရေး အခွင့်အရေးများ ဆုံးရှုံးမှု တင်ပြ
DVB
·
November 9, 2023

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို လာရောက်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး ရာ့ဖ်မာဇူးနဲ့ တွေ့ဆုံခဲ့ရာမှာ ဆေးကုသခွင့်၊ ခရီးသွားလာခွင့်နဲ့ ပညာသင်ယူခွင့်တွေ ဆုံးရှုံးနေကြောင်း တင်ပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

UNHCR ရဲ့ လက်ထောက်မဟာမင်းကြီး မစ္စတာရာ့ဖ်မာဇူး ဦးဆောင်တဲ့အဖွဲ့ဟာ မောင်တောဒေသရှိ မွတ်ဆလင်တွေနဲ့ရော ဟိန္ဒူတွေနဲ့ပါ နိုဝင်ဘာ ၇ ရက်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ရွှေဇားကျေးရွာအုပ်စု၊ ဂေါင်ညာကျေးရွာ တာဝန်ခံက “ကျနော်တို့က ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးပေါ် ဆေးကုသရမယ့်သူတွေကို စစ်တွေနဲ့ ရန်ကုန် သွားရောက် မကုသနိုင်ကြဘူးဗျ။ အနီးဆုံး ဘင်္ဂလားကိုတောင် သွားရောက်ဆေးကုသခွင့် မပေးဘူး။ အဲ့ဒါတွေ တင်ပြလိုက်ကြတယ်။ ပညာရေးမှာလည်း ဆယ်တန်းအောင်တဲ့ ကျောင်းသူ/ကျောင်းသားတွေက တက္ကသိုလ်တက်ဖို့ NVC ကတ်နဲ့ သွားလာလို့မရပါဘူး။ လဝကရုံးက ပုံစံ ၄ ယူပြီးမှ သွားလာလို့ရတာတွေ တင်ပြခဲ့ကြတယ်။ သူတို့က ဘာမှတော့ ပြန်မပြောဘူး။ နောက်ပြီး မောင်တောဒေသမှာ ဘာအလုပ်မှ မရှိတာကြောင့် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ တင်ပြလိုက်တယ်” လို့ ​ပြောပါတယ်။

ရွှေဇားကျေးရွာအုပ်စု ဂေါင်ညာကျေးရွာမှာ အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၄၄၄ ဦးရှိပြီး ၂၀၁၇ ခုနှစ် အကြမ်းဖက်မှု ဖြစ်စဥ်တွေအပြီး ICRC နဲ့ WFP အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှု မရရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ရိက္ခာထောက်ပံ့မှု နှစ်ကြိမ်ရရှိထားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မစ္စတာရာ့ဖ်မာဇူးနဲ့ အဖွဲ့ဟာ မောင်တော အောင်ဗလကျေးရွာအနီးရှိ ဟိန္ဒူကျေးရွာသားတွေ နဲ့လည်း တွေ့ဆုံပြီး သူတို့ရဲ့ ခရီးသွားခွင့်နဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေထိုင်ရေး ကိစ္စတွေ မေးမြန်းသွားခဲ့ပါတယ်။ လူဦးရေ ၁,၀၀၀ ခန့် နေထိုင်နေကြတဲ့ အဆိုပါ ဟိန္ဒူကျေးရွာရှိ နေအိမ် ၁၄၈ အိမ်ကို အိန္ဒိယအစိုးက ဆောက်လုပ်လှူဒါန်းထားတာ ဖြစ်ပါတယ်။

ကျေးရွာတာဝန်ခံက “သူတို့က မေးပါတယ်။ ခရီးတွေသွားတဲ့အချိန်မှာ ဘယ်လိုသွားလာကြလဲ၊ နိုင်ငံသားကတ်တွေ ရှိထားလား မေးတယ်။ အများစုကတော့ ရှိတယ်။ အနည်းစုကတော့ မရှိကြသေးဘူး။ ၁၀၀ မှာ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်။ ၄၀ ရာခိုင်နှုန်းကတော့ မလျှောက်နိုင်ကြသေးလို့ မရသေးကြပါဘူးလို့ ဖြေကြားလိုက်တယ်။ သူတို့ကတော့ ဘာမှပြန်မပြောကြဘူး။ တင်ပြစရာရှိတာ တင်ပြဆိုတော့ ရွာလမ်းနဲ့ ဘုရားရှိခိုးကျောင်း လိုအပ်တာ တင်ပြတယ်။ သူတို့ကမေးတယ်။ ဘာအလုပ်တွေ လုပ်ကိုင်စားသောက်ကြသလဲတဲ့။ ကျနော်တို့ ဟိန္ဒူတွေက ဆံပင်ညှပ်တယ်။ ကျပန်း လုပ်ကိုင်ရတာရှိတယ်။ တချို့ကတော့ ပန်းထိမ်အလုပ် လုပ်ကြတယ်လို့ ပြောလိုက်တယ်။ နောက် ရွာက အိမ်ထောင်စုနဲ့ လူဦးရေ မေးတယ်။ ကျန်းမာရေးအတွက်ကတော့ မြို့နဲနီးစပ်တာကြောင့် အခက်အခဲရှိဘူး။ AZG ဆေးခန်းကလည်း တပတ်မှာ ၃ ရက်ဖွင့်တာ ဆိုတော့ အဆင်ပြေတယ်လို့ ပြောလိုက်တယ်” လို့ ပြောပါတယ်။

UNHCR လက်ထောက်မဟာမင်းကြီး မစ္စတာရာ့ဖ်မာဇူး ဦးဆောင်တဲ့ အဖွဲ့ဟာ နိုဝင်ဘာ ၅ ရက် နေ့လယ်မှာ ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး စားဝတ်နေရေး လိုအပ်ချက် အခက်အခဲတွေနဲ့ နေရပ်ပြန်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး မှတ်တမ်းယူသွားတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024