Home
မြန်မာသတင်း
မြစ်ကြီးနား-မိုးကောင်း မီးရထားစီးနင်းသူ ခရီးသွားအနည်းငယ်သာရှိ
DVB
·
November 9, 2023

ကချင်ပြည်နယ် မြစ်ကြီးနား-မိုးကောင်း မီးရထားကို စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်က ၁ လတိတိ အခမဲ့စီးနင်းခွင့်ပြုပေမဲ့ စီးနင်းသူ ခရီးသွားအနည်းငယ်သာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကောင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးအရ တာဝန်မယူကြောင်း ထုတ်ပြန်ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးကောင်း-မြစ်ကြီးနား မီးရထားကို ၁ လတိတိ အခမဲ့ စီးနင်းခွင့်ပြုခဲ့ပေမဲ့ စီးနင်းသူ ခရီးသွားတွေမရှိဘဲ ရဲတပ်ဖွဲ့ဝင်တွေသာ အစုန် အဆန် လိုက်ပါစီးနင်းနေကြတယ်လို့ ဆိုပါတယ်။

“ရထားက ၃ တွဲပဲရှိတယ်။ ရထားပြန်ထွက်ပြီဆိုတာ အဖြစ်ပဲလုပ်နေတာ။ ပထမတွဲမှာ ရာသီပေါ်သီးနှံခြင်း ၃ ခြင်းရယ်၊ ပိုက်ဆံတောင်းတဲ့ အဘိုးအဘွား ၃ ဦးရယ်ပဲ ရှိတယ်။ အလယ်တွဲမှာကြတော့ သေနတ်တွေကိုင်ထားတဲ့ ရဲ ၁၅ ဦးလောက်ရှိတယ်။ နောက်အတွဲကတော့ အလုံပိတ်ထားတော့ ခရီးသည်တော့ ရှိမှာမဟုတ်ဘူး။ ဘာတွေတင်ထားလဲတော့ မသိရဘူး” လို့ မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတဦးက ပြောပါတယ်။

မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းမှာ ရထားသံလမ်း တံတားအတော်များများ ပျက်စီးနေပြီး မြစ်ကြီးနားကနေ မိုးကောင်းရထားလမ်းအပိုင်းသာ ကောင်းမွန်စွာ အသုံးပြုနိုင်တဲ့အတွက် မြစ်ကြီးနား-မိုးကောင်းနဲ့ မိုးကောင်း-မြစ်ကြီးနား အစုံ အဆန် မီးရထားခရီးစဉ်ကို မနက် ၇ နာရီမှာ မိုးကောင်းဘူတာကနေ မြစ်ကြီးနားကို စတင်ထွက်ခွာမှာဖြစ်ပြီး မြစ်ကြီးနားဘူတာကနေ နေ့လယ် ၂ နာရီ မိုးကောင်းကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

“မီးရထား စပြေးဆွဲတဲ့နေ့ကလည်း မီးရထားစီးမယ့်သူ မရှိဘူး။ ကျောင်းက ကလေးတွေကို ခေါ်ရတယ်။ ရပ်ကွက်ထဲက ကလေးတွေကိုလည်း အုပ်ချုပ်ရေးမှူးကတဆင့် ခေါ်ပြီး ဖွင့်ပွဲလုပ်ရတယ်။ ပထမတုန်းကတော့ ၁ ပတ်ပဲ အခမဲ့စီးခွင့်ပြုမယ်။ နောက်ပိုင်း စီးတဲ့သူလည်းမရှိကော ပြည်နယ်ဝန်ကြီးက ၁ လ အခမဲ့စီးခွင့်ပြုမယ် ကြေညာတယ်။ အဲ့ဒါလည်း စီးတဲ့ ခရီးသွားတွဲတတွဲ မပြည့်ဘူး။ ရဲတွေချည်းပဲ အစုန် အဆန် ရထားစီးနေကြတယ်”  လို့ မီးရထားဝန်းအတွင်း နေထိုင်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက  မိုးကောင်း-မြစ်ကြီးနား ရထားလမ်းပိုင်းကို နိုဝင်ဘာ ၁ ရက်က စတင်ကာ  အခမဲ့ လိုက်ပါစီးနင်းခွင့်ပြုမှာ ဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီက မည်သို့ပင် မြူဆွယ်စေကာမူ မီးရထားစီးနင်းခြင်း မပြုလုပ်ကြဖို့နဲ့ လိုက်ပါစီးနင်းကြမယ့် ပြည်သူတွေရဲ့ လုံခြုံရေးကို မိုး​ကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံးဝ တာဝန်မယူကြောင်း Moegaung KPDF က အောက်တိုဘာ ၃၁ ရက်မှာ  ထုတ်ပြန်ထားပါတယ်။

Photo-ပြည်နယ်ပြန်ဆက်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024