ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို နိုဝင်ဘာ ၈ ရက် မနေ့ညက ဆက်လက်ယှဉ်ပြိုင်ရာ မန်ယူအသင်း အဝေးကွင်းမှာ ကိုပင်ဟေဂင်ကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘိုင်ယန်၊ ရီးရဲလ်၊ ဆိုစီဒက်နဲ့ အင်တာမီလန်တို့ နိုင်ပွဲတွေနဲ့ နောက်တဆင့် တက်ခဲ့ပါတယ်။
အုပ်စု အေ က မန်ချက်စတာယူနိုက်တက်နဲ့ ကိုပင်ဟေဂင်တို့ ပွဲစဉ်မှာ မန်ယူက ပွဲချိန် ၃ မိနစ်နဲ့ ၂၈ မိနစ်တို့မှာ တိုက်စစ်မှူး ဟွိုက်လန်း သွင်းယူခဲ့တဲ့ ဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန် ၄၂ မိနစ်မှာ ရက်ရှ်ဖို့ဒ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရပြီးနောက် ချေပဂိုးတွေနဲ့ အနိုင်ဂိုးပေးလိုက်ရပြီး ရှုံးနိမ့်ခဲ့တာပါ။
ပွဲချိန် ပထမပိုင်းမှာ ၂ ဂိုးစီသရေကျခဲ့ပြီး ၆၉ မိနစ်မှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ပယ်နယ်တီကတဆင့် ဦးဆောင်ဂိုး ထပ်သွင်းနိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ၈၃ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရတာပါ။
မန်ယူဟာ ဒီပွဲ ရှုံးနိမ့်မှုကြောင့် လက်ကျန် ၂ ပွဲအလိုမှာ ရမှတ် ၃ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပြီး နောက်တဆင့်တက်ရောက်နိုင်ရေး မျှော်လင့်ချက် မှေးမှိန်နေပြီ ဖြစ်ပါတယ်။ လက်ကျန်နှစ်ပွဲမှာလည်း မန်ယူက ဂါလာတာစာရေးနဲ့ အဝေးကွင်း၊ ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စု အေ တခြားပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ဂါလာတာစာရေးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုး ၂ ဂိုးစလုံးကို တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုက ပွဲစဉ် ၄ ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်က ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ပထမ၊ ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးက ၄ မှတ်စီ တူညီနေပေမဲ့ ဂိုးကွာခြားချက်အသာနဲ့ ကိုပင်ဟေဂင်က ဒုတိယ၊ ဂါလာတာစာရေးက တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
အုပ်စု ဘီ ပွဲစဉ်တွေမှာတော့ အာဆင်နယ်က ဆီဗီလာကို ၂ ဂိုး ဂိုးမရှိ၊ ပီအက်စ်ဗွီက လန်းစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီအုပ်စုမှာ အာဆင်နယ်က ၉ မှတ်နဲ့ အုပ်စု ပထမ၊ ပီအက်စ်ဗွီနဲ့ လန်းစ်က ၅ မှတ်စီတူပေမဲ့ ထိပ်တိုက်တွေ့မှုမှာ အနိုင်ရထားတဲ့ ပီအက်စ်ဗွီက ဒုတိယ၊ လန်းစ်က တတိယ၊ ဆီဗီလာက ၂ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီအုပ်စုမှာ လက်ကျန် ၂ ပွဲ ယှဉ်ပြိုင်ဖို့ ကျန်နေသေးတာကြောင့် နောက်တဆင့်ကို ဘယ်အသင်း တက်ရောက်မယ်ဆိုတာ သေချာပေါက် မပြောနိုင်သေးပါဘူး။
မနေ့ညကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု စီ ပွဲစဉ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်က ဘရာဂါကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နာပိုလီနဲ့ ယူနီယံဘာလင်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီအုပ်စုမှာ ၄ ပွဲစီ ယှဉ်ပြိုင်အပြီး ရီးရဲလ်က ၁၂ မှတ်နဲ့ ပထမ၊ နာပိုလီက ၇ မှတ်နဲ့ ဒုတိယ၊ ဘရာဂါက ၃ မှတ်နဲ့ တတိယ၊ ယူနီယံဘာလင်က ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ အုပ်စုတွင်း လက်ကျန် ၂ ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေသေးပေမဲ့ ရီးရဲလ်က နောက်တဆင့် တက်ရောက်ထားပြီး အုပ်စု ဒုတိယနေရာအတွက် ကျန်အသင်းတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အုပ်စု ဒီ ပွဲစဉ်တွေမှာတော့ ဆိုစီဒက်က အိမ်ကွင်းမှာ ဘင်ဖီကာကို ၃ ဂိုး ၁ ဂိုး၊ အင်တာမီလန်က အဝေးကွင်းမှာ ဆောလ်ဇ်ဘာ့ဂ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုမှာလည်း လက်ကျန် ၂ ပွဲ ယှဉ်ပြိုင်ဖို့ ကျန်နေသေးပေမဲ့ ဆိုစီဒက်နဲ့ အင်တာမီလန်တို့က ရမှတ် ၁၀ မှတ်စီနဲ့ နောက်တဆင့် တက်ရောက်သွားပါပြီး လက်ကျန်ပွဲစဉ်တွေမှာ အုပ်စုဗိုလ် ဘယ်အသင်းဖြစ်မလဲ ဆိုတာပဲ ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဆောလ်ဇ်ဘာ့ဂ်ကတော့ လက်ရှိ ရမှတ် ၃ မှတ်နဲ့ တတိယ၊ ဘင်ဖီကာက အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
ချန်ပီယံလိဂ် အုပ်စု ၈ ခုက ပဥ္စမမြောက်ပွဲ အုပ်စုပွဲစဉ်တွေကိုတော့ လာမယ့် နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။