Home
မြန်မာသတင်း
ရှမ်းမြောက်တိုက်ပွဲကိစ္စ ကာလုံအစည်းအဝေးခေါ်၊ PDF ပွဲလန့်တုန်းဖျာခင်းနေဟု စစ်ခေါင်းဆောင်ပြော
DVB
·
November 9, 2023

ရှမ်းပြည်မြောက်ပိုင်းမှာ မြို့ ၃ မြို့နဲ့ တပ်စခန်းပေါင်း ၁၀၀ ကျော်လောက် သိမ်းပိုက်ခံရပြီးနောက်  စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးကို  နိုဝင်ဘာ ၈ ရက်နေ့လယ်ပိုင်းက နေပြည်တော်ရှိ  စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ခေါ်ယူကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ လတ်တလော ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြောကြားရာမှာ အောက်တိုဘာ ၂၇ ရက်က လောက်ကိုင်ဒေသ၊ ချင်းရွှေဟော်ကို အဓိကထားပြီး MNDAA‌ က တိုက်ခိုက်ခဲ့ကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင်က ဦးဆောင်ပြီး သူတို့ရဲ့ ဩဇာ အာဏာကိုပြန်လည်တည်ဆောက်ဖို့နဲ့ မူးယစ်ဆေးဝါးကရတဲ့ အကျိုးအမြတ်တွေကြောင့် တိုက်ခိုက်တာလို့ ပြောပါတယ်။

MNDAAနဲ့ အတူ KIA ၊ TNLA ၊ AA နဲ့  PDF  အဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်နေကြပြီး Drone တွေနဲ့ Drop Bomb တွေအများအပြားအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းတွေဟာ ဈေးကွက်မှာ လွယ်ကူစွာဝယ်ယူလို့ရတဲ့ တရုတ်နိုင်ငံထုတ်  ဒရုန်းတွေ ဖြစ်ကြောင်းနဲ့ ရှမ်းမြောက်တိုက်ပွဲဖြစ်ချိန်မှာ ပွဲလန့်တုန်းဖျာခင်းတဲ့ အနေနဲ့ စစ်ကိုင်းတိုင်းရှိ နေရာတချို့ကို PDF တွေက ဝင်ရောက်တိုက်ခိုက်တယ်လို့  စစ်ခေါင်းဆောင်က ပြောပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေရာနဲ့ချီသေဆုံး၊ ရာနဲ့ချီသုံ့ပန်းအဖြစ် ဖမ်းဆီးခံရ၊ သံချပ်ကာကား ၇ စီးအပါအဝင် လက်နက်ခဲယမ်းတွေအများအပြား သိမ်းဆည်းခံရတာဖြစ်ပေမဲ့ စစ်ခေါင်းဆောင်ကတော့ MNDAA အဖွဲ့အနေနဲ့  ထိခိုက်ကျဆုံးမှုများနေကြောင်းနဲ့   မိမိတို့အနေနဲ့ လိုအပ်တဲ့ ပြန်လည်တုံ့ပြန် မှုတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

MNDAA၊ TNLD နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၇ ရက် စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာမှာ နိုဝင်ဘာ ၇ ရက်အထိ ၁၂ ရက်မြောက်နေ့မှာ ကိုးကန့်၊ မုံးကိုး ၊ ကွတ်ခိုင်စတဲ့နေရာတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မုံးကိုးမြို့နယ်ရဲ့ အုပ်ချုပ်ရေးကိုလည်း ပြန်လည်ထူထောင်နိုင်ခဲ့ကာ မူလအထူး ဒေသ (၁) ရဲ့ နယ်မြေတချို့ကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေးက နာမည်တခုသာဖြစ်ပြီး အားလုံးရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံတနိုင်ငံလုံး စစ်အာဏာရှင်ဖြုတ်ချရေးဆိုတဲ့ တော်လှန်ရေးကြီးကို စစ်ရေးအရှိန်အဟုန်မြှင့်ပြီး နွေဦးတော်လှန်ရေးပန်းတိုင်ကိုတိုက်ခိုက်သွားမှာဖြစ်တယ်၊ ကျန်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အသီးသီး၊ ဒေသအသီးသီး၊ ပြည်တွင်းနဲ့ပြည်ပ ပူးပေါင်းဆောင်ရွက်ကြဖို့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ဒီဗွီဘီနဲ့ အင်တာဗျူးမှာ တိုက်တွန်းပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ကမ္ဘာဟာ ယဉ်ကျေးတဲ့ကမ္ဘာ ဖြစ်သင့်ပြီ၊ ယဉ်ကျေးတဲ့ကမ္ဘာမှာ ဒီလို အာဏာရှင်တွေ လူပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုပဲ ကောင်းစားဖို့ လုပ်နေတဲ့ ဒီအာဏာရှင်တွေအတွက် နေစရာ မြေနေရာ မရှိသင့်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ကျနော်တို့လည်း အဲလို စည်းရုံးမှုတွေ လုပ်တယ်။ ပြီးတော့ ဒီ အောက်ခြေမှာရှိနေတဲ့ စစ်သားတွေကိုယ်တိုင်ကလည်း ဒီစစ်ခေါင်းဆောင်တွေ မင်းအောင်လှိုင်တို့ စစ်ခေါင်းဆောင်တွေရဲ့ ဒီလို ခေါင်းမာနေတယ်၊ လူထုတွေကို သတ်ဖြတ်နေတယ်၊ ညှဉ်းပန်းနှိပ်စက်နေတယ်၊ လူထုတွေကို ဆန့်ကျင်နေတဲ့ အလုပ်တွေကို အောက်ခြေက ရဲဘော်တွေကလည်း အသေခံပြီး ကာကွယ်ပေးချင်တဲ့စိတ် မရှိတော့ဘူး။”

လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ကွမ်းလုံတံတားသစ်ဖွင့်လှစ်ရန်ဖို့ စီစဉ်ထားပြီး ဒီတိုက်ခိုက်မှုကြောင့် မြန်နိုင်ငံနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း၊ မြန်မာဘက်က ကျည်ဆန်တွေ တရုတ် နိုင်ငံအတွင်း ကျရောက်တယ်ပြောလို့ နှစ်ဖက် တာဝန်ရှိသူတွေဖြေရှင်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။

လောက်ကိုင်နဲ့ ချင်းရွှေဟော်ဒေသမှာ ဟိုတယ် ၁၅၃ လုံးရှိကြောင်း၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်နဲ့ ဆောက်တဲ့ ဟိုတယ် ၁၂ လုံးသာရှိပြီး ကျန်ဟိုတယ် ၁၄၁ ခုမှာ လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဖွင့်ထားကြောင်း၊ ဒီဟိုတယ်အများစုမှာ တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံ ဆောက်လုပ်ထားတဲ့ ဟိုတယ်တွေဖြစ်ပြီး အွန်လိုင်းငွေကြေး လိမ်လည်မှုတွေနဲ့ တခြားတရား မဝင်လုပ်ငန်းတွေ စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဟိုတယ်တွေကို စိစစ်ဖော်ထုတ်အရေးယူရာမှာ တရုတ်နိုင်ငံသား  ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှား နိုင်ငံသား ၃၂ ဦးနဲ့ လာအိုနိုင်ငံသား ၂ ဦးစုစုပေါင်း  ၇၇၈၀ ဦးဖမ်းဆီးရမိခဲ့ပြီး  ဒီအထဲက တရုတ်နိုင်ငံသား ၆၈၉၂ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေးလုပ်ဆောင်ဖို့နဲ့ ချင်းရွှေဟော်မှာ တိမ်းရှောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ကာလုံအစည်းအဝေးမှာ လူမြင်ကွင်းကပျောက်နေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့ပြီး လက်ရှိ ရှမ်းမြောက်တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်ကြောင်း၊ အခုကိစ္စသေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း၊ အခုလိုတိုင်းပြည်အတွက် အရေးကြီးတဲ့ကာလမှာ တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးဖို့လိုတပ်လို့လည်း ပြောပါတယ်။

ဒီအစည်းအဝေးကို ကာလုံအဖွဲ့ဝင် ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့အပြင်  စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ တို့တက်ရောက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

PHOTO-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024