ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်မိသားစုတွေ စစ်ကောင်စီ တပ်စခန်းဝင်းအတွင်း ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်တယ်။ လေယာဉ်နဲ့လည်းပစ်တယ်။ အဲ့လိုလည်း ပစ်ပြီးရော ညနေပိုင်းမှာ ရဲနဲ့ ရဲမိသားစုတွေ စစ်တပ်ထဲ ပြောင်းနေကြတယ်။ စစ်တပ်ထဲမှာလည်း ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ အများကြီး ထပ်လုပ်ထားတယ်။ မြို့ထဲမှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နေ့လယ်ပိုင်းက အင်းတော်မြို့နယ် နန့်ခင်ကျေးရွာနဲ့ နဘားကျေးရွာ အနောက်ဘက် တောင်ကြောတွေအတွင်းကို လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း ကျော်ရွာကျေးရွာ ဘုန်းကြီးကျောင်းအနီးနဲ့ ကမ်းနီကျေးရွာနဲ့ နတ်မဟုတ်ကြီးကျေးရွာအနီး ပစ်ခတ်ခဲ့ကြောင်း Indaw Revolution IR က သတင်းထုတ်ပြန်ထားပါတယ်။
ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကောလင်းမြို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကသာ၊ ဗန်းမောက်၊ ထီးချိုင့် စတဲ့မြို့တွေက Non CDM ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ဝန်းအတွင်း ပြောင်းရွှေ့နေထိုင်သြလို တခြားမြို့ရွာတွေကို တိမ်းရှောင်နေကြပါတယ်။