Home
မြန်မာသတင်း
နွားထိုးကြီးတွင် စစ်ကား ၁ စီး မိုင်းဆွဲခံရ၊ မိုးမောက်၌ စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ
DVB
·
November 8, 2023

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့တဲ့ စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ကနေ သိရပါတယ်။

မြင်းခြံမြို့နယ်၊ ပျားရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို နိုဝင်ဘာ ၇ ရက် မနက် ၉ နာရီလောက်က နွားထိုးကြီးမြို့နယ် မင်းရွာနဲ့ ကူကုန်းရွာကြားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၆ လုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ တပ်တွင်းသတင်းပေးတွေရဲ့ ပြောကြားချက်အရ သိရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့နဲ့အတူ မန္တလေးခရိုင် တပ်ရင်း-၃ MDY-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ပျားရွာကို နိုဝင်ဘာ ၇ ရက်က မနက်ပိုင်းရော ညနေပိုင်းပါ မီးရှို့တာကြောင့် တရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၇ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ရမ်သန်းပစ်ခတ်နေတဲ့အတွက် ကြေးနန်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘဲ ည ၇ နာရီလောက် လက်နက်ကြီးကျည် ရပ်ကွက်ထဲကျတာ။ မီးကြိုးတိုင်တွေပြတ်၊ နေအိမ်ခေါင်မိုးတွေလည်း ပျက်စီးတယ်။ လက်နက်ကြီးကျည်ကျတဲ့ အိမ်နှစ်အိမ်ကသူတွေ ထိခိုက်ဒဏ်ရာရတယ်။ ကောင်လေးတယောက်ဆို ဗိုက်မှန်တာ အတော်စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ ကိုနိုင်မင်းဦး ဝမ်းဗိုက် ကျည်စထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးမောင်ဆိုင် ဆိုသူမှာ လက် ကျည်စထိမှန်ဒဏ်ရာ၊ ဒေါ်လှရုံ ဆိုသူမှာ ခြေထောက် ဗုံးစထိမှန်ဒဏ်ရာ၊ ဒေါ်လွန်းစိန် ဆိုသူမှာ လည်ပင်း ဗုံးစမှန်ဒဏ်ရာ (စိုးရိမ်ရ) တွေ ရခဲ့တဲ့အတွက် ဗန်းမော်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းကလည်း ခြေမြန်တပ်ရင်း ခမရ ၄၃၇ တပ်ရင်းရှေ့ ဆိုင်ကယ်ဖြတ်မောင်းလသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024