Home
မြန်မာသတင်း
မုံးကိုးမြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့ ထိန်းချုပ်
DVB
·
November 8, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်ရှိ မုံးကိုးမြို့နဲ့ မိုင်ဖန်ရွာဘက်ကို နိုဝင်ဘာ ၇ ရက်ကစပြီး ကိုးကန့် MNDAA တွေ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မုံးကိုးဒေသခံတဦးက “ဒီနေ့တော့ တမြို့လုံးရှိနေပြီ ကိုးကန့်တွေ အခု။ ဒီ စစ်ရှောင်မှာတောင် လာကြည့်ပေးနေတယ် အခု သူတို့။ အခုတော့ ငြိမ်နေတယ်။ ကျနော်တို့က စိုးရိမ်နေတယ်” လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေက စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်လာမှာ စိုးရိမ်လို့ စစ်ရှောင်မှာပဲ နေထိုင်ပြီး နေအိမ်ဘက် ခဏတဖြုတ် သွားကြည့်တာလောက်ပဲ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

“တနေ့ညကတည်းက စစ်တပ်က ဆုတ်ခွာနေပြီလို့ သိရပေမဲ့ ကျနော်တို့က စစ်ရှောင်မှာပဲ ဆိုတော့ အတိအကျ မသိလိုက်ရဘူး။ မနေ့က မနက်ပိုင်းတော့ ကျနော်တို့ဆီမှာ လေယာဉ်နဲ့ နှစ်ခါ ဗုံးလာကြဲတယ်။”

ကိုးကန့် MNDAA ဘက်ကလည်း စစ်ရှောင်တွေကို နေအိမ်မပြန်ခိုင်းသေးဘူးလို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

“စစ်ရှောင်တွေကိုတော့ မပြန်ခိုင်းသေးဘူး။ သိရသလောက်တော့ တနေ့ညက စစ်တပ်က သူတို့ဘာသာ တပ်ဆုတ်သွားတာ။ တချို့ကတော့ ပန်ဆိုင်း(ကြူကုတ်) ဘက် ဦးတည်ဆင်းသွားပြီ။ သူတို့တပ်က လက်နက်ဂိုဒေါင်တောင် သူတို့ဘာသာ မီးရှို့ခဲ့ကြတယ်။”

ဒါ့အပြင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ရှိ မုံးပေါ်ဒေသ မိုင်ဖန်ရွာက စစ်ကောင်စီတပ်တွေလည်း မနေ့မနက် အစောပိုင်းက ဆုတ်ခွာသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “မနေ့က မနက်အစောပိုင်း ၂ နာရီလောက်ထိ ဒရုန်းနဲ့လာပစ်တော့ ပြန်ပစ်တာ ကြားတယ်။ နောက်ထပ် မနက်ပိုင်း ဒရုန်းနဲ့ ထပ်လာပစ်တော့ စစ်တပ်ဘက်က ဘာမှ ပြန်ပစ်သံ မကြားတော့ဘူး။ တော်တော်လာပစ်တယ်။ ပြန်မပစ်ဘူး။ အဲကြောင့် ကိုးကန့်တွေ သွားစစ်ကြည့်တော့ မရှိကြတော့ဘူး။ ဘယ်ကနေထွက်သွားလဲမသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းမှာ ကိုးကန့် MNDAA တွေ နေရာယူထားပြီး တိုက်ပွဲမရှိတော့ပေမဲ့ ဒေသခံတွေက စစ်ကောင်စီတွေ တနေရာရာ ပုန်းအောင်းနေပြီး တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်နေသလို လေကြောင်းနဲ့ ဗုံးကြဲမှာ စိုးရိမ်လို့ နေအိမ်မပြန်ရဲကြသေးဘူးလို့ သူက ပြောပါတယ်။

မိုင်ဖန် စစ်ကောင်စီတပ်စခန်းမှာတော့ အင်အား အနည်းငယ်သာရှိကြောင်း၊ အောက်တိုဘာ ၇ ရက် မနက်ပိုင်း နမ့်တောင်းအနီးက ပန်ခါး၊ ဖာခမ်း ရွာတွေဘက် စစ်ကောင်စီ အင်အား ၄၀ ထွက်‌ပေါ်လာပြီး ၁၀၅ မိုင်ဘက် ပို့ဆောင်ခိုင်းတာရှိကြောင်း နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့သလို မီးလောင်ပြာကျသွားတာလည်း ရှိပါတယ်။

မုံးကိုးဗျူဟာနဲ့ မိုင်ဖန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA ဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းကစ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024