Home
မြန်မာသတင်း
အမ်းမြို့နယ် တပ်တောင်မြို့ရဲစခန်းမှူးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
November 8, 2023

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့ရဲစခန်းမှူးကို နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ တပ်တောင်မြို့ ရဲစခန်းမှူး မျိုးမင်းထွန်းဖြစ်ပြီး သူနဲ့အတူ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်တောင်မြို့ရဲစခန်းမှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့က မနက်ပိုင်းမှာ စစ်သား ၁၀၀ လောက်က ကားလေးစီးနဲ့ ရဲစခန်းကို လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်။ စခန်းမှူး အပါအဝင် နောက်ထပ် တပ်ဖွဲ့ဝင် ၂ ဦးကိုပါ ဖမ်းဆီးသွားတာ ဖြစ်တယ်။ အဲဒီ ဖမ်းဆီးသွားတဲ့အထဲက ၂ ဦးကတော့ အမ်းမြို့အနီးမှာ စစ်ကောင်စီလက်က ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကြားတယ်။ စခန်းမှူးကတော့ အဖမ်းခံထားရတယ်။”

တပ်တောင်ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ခန့်ရှိပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေဆီက လက်နက်တွေကို စစ်ကောင်စီက သိမ်းဆည်းထားပြီး တပ်တောင်ရဲစခန်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတယ်လို့ သိရပါတယ်။

တပ်တောင်မြို့ ရဲစခန်းမှူးကို စစ်ကောင်စီက ဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘဲ ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်မှုကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား သုံးသပ်မှုတွေ ရှိနေပါတယ်။

တပ်တောင်မြို့ခံတဦးက “ဒီမြို့က အေအေက စိုးမိုးထားတဲ့မြို့ ဖြစ်တယ်။ ဒီမှာရှိတဲ့ ရဲတွေကလည်း အေအေရဲ့ စိုးမိုးမှုအောက်က မလွတ်နိုင်ဘူး။ အနည်းနဲ့အများကတော့ ဆက်ဆံကြရမှာ ဖြစ်တယ်။ အဲဒါကြောင့် လာဖမ်းတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အမ်းမြို့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာမြို့ ဖြစ်‌ပေမဲ့လည်း နယ်ဘက်တွေမှာ ရက္ခိုင့်တပ်တော်က စိုးမိုးထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းကလည်း မြောက်ဦးမြို့မှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ ကားတစီးကို အေအေဘက်က ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ တကျော့ပြန် တိုက်ပွဲကာလတုန်းက ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ခရိုင်ဦးစီးအဆင့်ကစပြီး ရပ်ကျေးအုပ်ချုပ်ရေးအထိ စစ်ကောင်စီဝန်ထမ်း ၁၅ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်ဆိုကာ မရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) (၂) တို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024