Home
မေးမြန်းခန်း
“ကျနော်တို့က တိုက်ပွဲကို အားမပေးဘူး” SSPP/SSA ဗိုလ်မှူးကြီး စိုင်းဆု
DVB
·
November 8, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့  စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာကို အားမပေးဘူးလို့ ရှမ်းပြည်တိုးတက်​ရေးပါတီ (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုက ဒီဗွီဘီကိုပြောပါတယ်။ 

ရှမ်းတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ တိုက်ပွဲတွေဖြစ်လာရင်တော့ ခွင့်ပြုမှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သွားမှာဖြစ်ပြီး တိုက်ပွဲဖော်ဆောင်လာတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်သာ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ လိုလားချက်တူညီမှု မရှိသေးသလို စည်းလုံးညီညွတ်မှု မရှိကြသေးတဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကလည်း အားလုံးစည်းလုံးနိုင်ခြင်း မရှိသေးတာကြောင့် အဲဒီအပေါ်မှာ SSPP/SSA အနေနဲ့ လေ့လာသုံးသပ်နေဆဲဖြစ်လို့ ဘယ်ဘက်မှာပါမယ်၊ မပါဘူးဆိုတဲ့ သဘောထားကို မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။ အဲဒီအကြောင်း အပြည့်အစုံကို  ဒီဗွီဘီ သတင်းထောက် အောင်သူက ရှမ်းပြည်တိုးတက်​ရေးပါတီ (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ်မှာ SSPP က ဘယ်လိုအမြင်သဘောထား ရှိပါသလဲ။

ဖြေ - “မြောက်ပိုင်းရဲ့ တိုက်ပွဲကိစ္စမှာ သူတို့မှာ သူတို့ ၃ ဖွဲ့ ရေးဆွဲတဲ့စီမံချက် သူတို့လုပ်တဲ့ကိစ္စ ဖြစ်တယ်။ ကျနော်တို့ကို အကြောင်းကြားတာမရှိဘူး။ နောက်ပြီး ပါဝင်တာမျိုးလည်း မရှိသေးဘူးပေါ့နော်။ ဒီကြားထဲမှာကျတော့ ကျနော်တို့က ထဲထဲဝင်ဝင်တော့ မသိဘူးဗျ၊ အသေးစိတ်တွေ၊ ပြောမယ်ဆိုရင်တော့ ပြည်သူလူထုတွေ ထိခိုက်တာမျိုးကိုတော့ ကျနော်တို့က မလိုလားဘူး၊ ဘယ်ဘက်မဆိုပေါ့။ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းသင့်တယ်လို့ ကျနော်တို့က မြင်တယ်ဗျ။”

မေး - နောက်တချက်က အခု မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ MNDAA / TNLA / AA / PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲဧရိယာတွေက SSPP/SSA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ထိန်းချုပ်လာ နိုင်သလား၊ အဲလိုမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် SSPP/SSA ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ - “တချို့တဝက်တော့ ထိပါးတာ ရှိတယ်ခင်ဗျ၊ မြောက်ပိုင်းမှာဖြစ်နေတဲ့ အခါကျတော့။ ကိုးကန့်ဒေသမှာကျတော့ ကျနော်တို့နဲ့ နည်းနည်းဝေးတယ်၊ ပြည်ထောင်စုလမ်းမှာပေါ့နော်။ တရုတ်ပြည်နဲ့ မြန်မာနိုင်ငံ ကုန်ကူးနေတဲ့ လမ်းမကြီးမှာ အဖွဲ့တိုင်းက စိုးမိုးချင်တဲ့ဟာနဲ့ နောက်ပြီး ရှမ်းရွာတွေနဲ့ မြို့ပေါ်မှာရော တော်တော်များများ နစ်နာခံခဲ့ရတယ်။ အဲဒါမျိုးတော့ မလိုလားဘူးပေါ့နော်။ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းကြပါလို့ ကျနော်တိုက်တွန်းချင်တယ်။”

မေး - SSPP/SSA ရဲ့ နယ်မြေထဲကို ထိပါးလာရင် SSPP/SSA ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိမလဲ။

ဖြေ - “တုံ့ပြန်မှုကတော့ ကျနော်တို့ ပြည်သူလူထုကို အဓိက ကာကွယ်သွားမှာဖြစ်ပါတယ်။ ကာကွယ်တယ်ဆိုရာမှာ နှစ်ဖက် ညှိနှိုင်းပြောဆိုတာမျိုးတော့ ရှိကြတာပေါ့။ ဒါပေမဲ့ စစ်ပွဲက အရှိန်မလျှော့သေးဘူး၊ ပြည်မကနေတက်လာတဲ့ အဲဒီ ပို့ဆောင်ရေးလမ်းကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုလုပ်ကြတာပေါ့လေ။ ရှမ်းလူထုတင်မကဘူး၊ လူမျိုးပေါင်းစုံတွေ ခံရတာပေါ့။ ကုန်သည်တွေ၊ ပြည်တွင်းကုန်စည်စီးဆင်းမှုတွေလည်း ထိခိုက်တာပေါ့၊ တရုတ်ပြည်မှာလည်း ထိခိုက်တယ်။ ပြည်သူလူထုတွေကို မထိခိုက်စေချင်ဘူး။ ကျနော်တို့နယ်မြေဒေသတွေ အမြန်ဆုံး ပြန်လည်အေးချမ်းနိုင်ဖို့ ပန်ဆန်းရယ်၊ မိုင်းလားရယ်၊ ကျနော်တို့ SSPP ရယ် ဆွေးနွေးညှိနှိုင်း ပြောဆိုကြပါတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့က တိုက်ပွဲကို အားမပေးဘူးပေါ့နော်။”

မေး - လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေပေါ် အားမပေးတာလား ခင်ဗျ။

ဖြေ - “အားမပေးဘူးဗျ၊ အမြန်ဆုံးငြိမ်းချမ်းဖို့ နှစ်ဖက် ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးလုပ်ဖို့၊ နောက်ပြီး ဘယ်ဘက်မဆို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့  ပြည်သူလူထု မထိခိုက်အောင်၊ အနည်းဆုံးပေါ့ ဖြစ်စေချင်တယ် ကျနော်တို့က။”

မေး - SSPP/SSA နဲ့ TNLA နဲ့က အခုစစ်ပွဲမှာ ထိပ်တိုက်တွေ့လာနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်သလား၊ တကယ်လို့ ရှိလာနိုင်ခဲ့တယ်ဆိုရင် SSPP/SSA နဲ့က ဘယ်လို ယန္တရားမျိုးနဲ့ ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးထားတာ ရှိပါသလဲ။

ဖြေ - “ပြောမယ်ဆိုရင်တော့ စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒီ နဂိုဖြစ်နေတဲ့ အခြေအနေမှာရော ကျနော်တို့ မပါသေးဘူး။ အခုက ကျနော်တို့ကို ထိပါးလာတယ် ဆိုရင်တော့ ကျနော်တို့မှာ မဖြစ်ချင်သော်ငြားလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ အဆင့်နဲ့တော့ လုပ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါတွေက မဖြစ်စေချင်ဘူး။ ညှိနှိုင်းဆွေးနွေး ဖြေရှင်းလို့ရရင်ရ၊ မရရင် မဟာမိတ်နဲ့တော့ မဆိုင်ဘူး။ လုပ်ရင် လုပ်ဆောင်တဲ့ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းနဲ့ပဲ သက်ဆိုင်တယ်။ တာဝန်ရှိတယ်လို့ပဲ ပြောချင်တယ်။”

မေး - ရှမ်းပြည်နယ် တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ဆိုရင် အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ တိုက်ထုတ်လိုက်မယ် ဆိုရင် ရှမ်းပြည်နယ် တပြည်နယ်လုံးက ကိုယ့်ဧရိယာနဲ့ကိုယ် သီးခြားလွတ်လပ်တဲ့ ပြည်နယ်တွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒီတော့ မပါသေးတဲ့အဖွဲ့တွေလည်း ပါလာသင့်တယ်။ စစ်တပ်ကိုတိုက်ဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာတယ်။ အဲဒီတော့ အဲဒီပြောဆိုမှုတွေအပေါ်မှာ SSPP/SSA ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ - “ကျနော်တို့သဘောထားကတော့ လူမျိုးပေါင်းစုံအားလုံး စုဖွဲ့စည်းတာတောင်မှ ကျနော်တို့က ကျောထောက်နောက်ခံ နိုင်ငံအင်အားကြီးတဲ့ အင်အားကောင်းတဲ့ တကယ့် ငြိမ်းချမ်းရေးကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို စိတ်ပါလက်ပါပြီးတော့ ပါဝင်ဖြေရှင်းနိုင်တဲ့ ဆန္ဒရှိတဲ့ အဲ့လိုနိုင်ငံမျိုး မပါမချင်းကတော့ ကိစ္စက ပြီးမှာမဟုတ်ဘူး။ အဓိကက တရုတ်ပြည်ပေါ့ဗျာ။ တရုတ်ပြည်က သူက စူပါပါဝါနိုင်ငံလည်းဖြစ်တယ်၊ လုံခြုံရေးကောင်စီမှာလည်း သူပါတယ်၊ နောက်ပြီး ဘက်စုံမှာ အင်အားကောင်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အခုက တရုတ်ပြည်က ကြားဝင်ပြီးတော့ ဖျန်ဖြေလို့ရှိရင် လောလောဆယ်မှာ ရပ်နိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ အင်အားစုတွေအားလုံးလည်း တရုတ်ပြည်နဲ့ ကူးလူးဆက်ဆံမှုရှိတယ်၊ စကစမှာလည်း တရုတ်ပြည်နဲ့မကင်းဘူး၊ နိုင်ငံကြီး အင်အားကောင်းတဲ့နိုင်ငံ စူပါပါဝါနိုင်ငံလိုမျိုး မပါဝင်သေးသမျှ ကိစ္စကတော့ ပြီးမှာမဟုတ်ဘူး။ အခုက ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း တယောက်တပေါက်တွေ ဖြစ်နေတုန်းပဲ။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် မရှိဘူး။ သူ့အခြေအနေ ကိုယ့်အခြေအနေ၊ သူ့လိုလားချက် ကိုယ့်လိုလားချက် မတူညီကြဘူး။ တချို့တွေကလည်း အမြင်ကျဉ်းမြောင်းပြီးတော့ အမျိုးသားရေးဝါဒတွေ ကျင့်သုံးပြီး လုပ်ဆောင်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမှပဲ ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်ဖို့က ဒါတွေက ကျနော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အတွေးအမြင်က ပြောမယ်ဆိုရင် နည်းနည်းနုနေသေးတယ်။ ဒီထဲမှာလည်း စည်းစည်းလုံးလုံး မရှိသေးဘူး။ ကျနော်တို့အနေနဲ့ လေ့လာသုံးသပ်နေတုန်းပဲ၊ ကြည့်နေတုန်းပဲ။ အခုချိန်မှာ ကျနော်တို့က ဟိုဘက်ပါတယ်၊ ဒီဘက်ပါတယ်၊ အဲလိုမျိုးဆန္ဒတော့ မပေးနိုင်သေးဘူး။”

မေး - အခုအနေအထားက စစ်တပ်ကို နိုင်အောင်တိုက်နိုင်တဲ့ အခြေအနေ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းဘက်မှာရော အာဏာရှင်ကိုတော်လှန်နေတဲ့ PDF   တပ်ဖွဲ့‌တွေမှာရော စစ်တပ်ကို နိုင်အောင်တိုက်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ယူဆပါသလား။

ဖြေ - “ခုန ကျနော်ပြောသလို တကယ့်အင်အားကောင်းတဲ့နိုင်ငံက ကျောထောက်နောက်ခံတဲ့ နိုင်ငံကြီး မရှိလို့ရှိရင် စုပေါင်းပြီးတော့ တိုက်သော်ငြားလည်း ရေတိုတော့ရမယ်၊ ရေရှည်တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးကြီးမားမား တာဝန်ခံမှု တာဝန်ယူမှုတွေ အာမခံမှု မရှိသေးတာပေါ့နော်။”

မေး - ရှမ်းပြည်နယ်က တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးရှိတဲ့ ပြည်နယ်လို့ ပြောရမှာဖြစ်တယ်ပေါ့နော်။ စစ်တပ်လက်အောက်ကနေ လွတ်မြောက်သွားတယ် ဆိုရင်တောင်မှ ရှမ်းပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ရှမ်းပြည်နယ်တွင်းက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကြားထဲက တွေ့ဆုံဆွေးနွေးမှုက ဘယ်လောက်ထိ အခက်အခဲ ဖြစ်လာနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်သလဲ။

ဖြေ - “အချင်းချင်းတွေကလည်း သွေးခွဲမှုခံနေရပါတယ်။ ကျနော်တို့မှာ ဖက်ဒရယ် တိုင်းပြည်တခုတည်းနဲ့ပဲ သွားရမယ့်ကိစ္စမှ ရမယ်။ ဖက်ဒရယ်ကို နားလည်လို့ရှိရင်တော့ ပြဿနာသိပ်မရှိလောက်ဘူး။ ရှမ်းပြည်မှာ သူ့တပ်မတော် ကိုယ့်တပ်မတော် အဲလောက်များနေတဲ့ တပ်မတော်တွေက စုဖွဲ့ပြီးတော့မှ ဖက်ဒရယ်တပ်မတော် ဖြစ်လာရမှာပေါ့။ လောလောဆယ်တော့ ကျနော်တို့က စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို သွားဖို့ကိစ္စက ကျနော်တို့ပြည်ထောင်စုက နာမည်ပဲရှိတယ်ဗျာ၊ ဗမာပြည်မရှိဘူး၊ ဗမာနိုင်ငံပဲရှိတယ်။ ပြောမယ်ဆိုရင် ဗမာလူမျိုးအနေနဲ့လည်း ပြည်နယ်တခုဖွဲ့ပေးပါ။ ပြည်နယ်ကြီးငယ်က ကိစ္စမဟုတ်ဘူး။ ဥပမာ အခု တိုင်း ၇ တိုင်း ဖွဲ့စည်းနေတဲ့ကိစ္စက တိုင်းက အုပ်ချုပ်ရေးနဲ့ပဲ ဆိုင်တယ်ပေါ့နော်၊ လူမျိုးရေးနဲ့မဆိုင်ဘူး။ အဲတော့ ကျနော်တို့မှာ ဗမာပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကျန်တဲ့ လိုအပ်တဲ့ပြည်နယ် ဘယ်နှစ်ပြည်နယ်ပဲ ပေါ်လာပေါ်လာပေါ့၊ အဲလိုမျိုးလာရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုက ပေါ်လာမှာပေါ့။ ကျနော်တို့ ရှမ်းပြည်အနေနဲ့လည်း လွှတ်တော်မှာ တန်းတူရည်တူ သွားနိုင်တာပေါ့။ အဲလိုမျိုး မလုပ်နိုင်သေးရင် ကျနော်တို့ ရှမ်းပြည်အရေးမှာလည်း ဖြေရှင်းရမယ့်ကိစ္စက အာဏာရှင်စနစ်နဲ့ ဝင်ပြီးတော့ မစွက်ဖက်လို့ရှိရင် ကျနော်တို့ အေးချမ်းတဲ့နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းလို့ရမယ့် အခြေအနေရှိတယ်။”

မေး - ဒီတိုက်ပွဲတွေမှာ တရုတ်ရဲ့ထောက်ခံမှုတွေ ပါရှိတယ်လို့ ယူဆလားခင်ဗျ။

ဖြေ - “အခုဖြစ်နေတဲ့ပုံက တရုတ်ပြည်ကလည်း မဖြစ်စေချင်ဘူး။ သူတို့အကျိုးစီးပွား ထိခိုက်တယ်လေ။ ဖြစ်နေတဲ့တိုက်ပွဲမှာလည်း သူတို့က အကောင်းမမြင်ဘူးဗျ။ ကျနော်တို့က မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး တရုတ်ပြည်ဘက်ကို ချဉ်းကပ်မှုတွေကလည်း မတူကြဘူး။ တချို့တွေကလည်း အားနည်းတယ်ပေါ့နော်။ တရုတ်ပြည်က လက်မခံလို့ရှိရင် ကျနော်တို့နိုင်ငံမှာ ကျနော်တို့ဖြစ်ချင်တဲ့ဟာတွေ သွားနိုင်ဖို့ရာ နည်းနည်းခက်မယ်တူတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024