Home
မြန်မာသတင်း
ယင်းမာပင် ကြက်မွေးမြူ‌ရေးခြံများကို စစ်တပ်က မီးရှို့၊ ရေဦး၊ နတ်မောက်နှင့် တနင်္သာရီတို့တွင် တိုက်ပွဲများဖြစ်ပွား
DVB
·
November 8, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်တောင်းကြီးရွာအနီးက ပြည်သူပိုင် ကြက်မွေးမြူရေး ခြံတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၈ ရက် ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ စတင် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က အကျအဆုံး များနေတာကြောင့် အခုလို မီးရှို့တာလို့ လက်တောင်းကြီး ရွာသားတဦးက ပြောပါတယ်။

“တိုက်ပွဲတွေကတော့ နိုဝင်ဘာ ၆‌ ရက်နေ့ကတည်းက စဖြစ်နေကြတာပါ။ အကျအဆုံးတွေကတော့ စစ်ကောင်စီဘက်က အတော်ကိုများနေတယ်။ သူတို့အထိနာလို့ မဆိုင်တဲ့ ကျနော်တို့ ဒေသခံတွေရဲ့ ယင်းမာပင်မြို့နယ် ကြက်မွေးမြူရေးဇုန်လို့ ခေါ်တဲ့ ကြက်ခြံတွေကို မီးရှို့နေတယ်ဗျ။ အခုထိရှို့နေဆဲပါဗျ။ ကျနော်တို့ ပြည်သူတွေကတော့ နိုဝင်ဘာ ၆ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်။”

ဒါ့အပြင် လက်တောင်းကြီးရွာအနီးမှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁၀ ဒေါင်းနက်တပ်ဖွဲ့ရဲ့ ရဲဘော် ကိုပေက ပြောပါတယ်။

“ရှေ့ထွက်ပ‌ဒေသာမိုင်း ၁၄ လုံးနဲ့ နေရာသုံးနေရာကနေ ကျနော်တို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁၀ အနေနဲ့ ပြုလုပ်ခဲ့သေးတယ်ဗျ။ အသေအပျောက်ကတော့ မသိရသေးဘူး။ ဒီစစ်‌ကြောင်းကို နိုဝင်ဘာ ၆ ရက်နေ့ကစပြီး မြေပြင်တော်လှန်ရေးအဖွဲ့စုံကတော့ သူတို့သက်ဆိုင်ရာ နေရာတွေကနေ မိုင်းဆွဲပစ်ခတ်တာတွေလည်း ရှိနေတယ်ဗျ။ သေဆုံးတာတွေလည်း များနေသလို ကား ၂ စီးလည်း ပျက်စီးတာတွေ ရှိနေတယ်ဗျ။ နိုဝင်ဘာ ၇ ရက်နေ့ကတော့ နမခစစ်တပ်ကနေ လေယာဉ် ၂ စီးနဲ့ သေဆုံးဒဏ်ရာရသူတွေ ခေါ်တာတွေလည်း ရှိတယ်။”

ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက် မိုင်းဆွဲခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ် လက်တောင်းကြီးရွာမှာပဲ ဆက်လက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ် စိုင်ကောင်းရဲစခန်းကို နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF-PLA) တာဝန်ခံ ရဲဘော်ကျော်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“သူတို့ဘက်ကလည်း လက်နက်ငယ်တွေနဲ့ အချက်ရေများစွာ ပြန်လည်ပစ်ခတ်ပေမဲ့လည်း ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် အရှေ့မြောက်စစ်ဒေသနဲ့ နိုင်ငံတဝန်းက တော်လှန်ရေးတပ်ဖွဲ့တွေ ညီညီညွတ်ညွတ် ရွပ်ရွပ်ချွံချွံနဲ့ ရန်သူ့စခန်းတွေကို သိမ်းပိုက်အနိုင်ယူနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်က စစ်ကောင်စီအထိုင်ဂိတ်နှစ်ခုကို နိုဝင်ဘာ ၇ ရက် ည ၇ နာရီ ၁၀ မိနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းအသုံးပြု ဗုံးကြဲခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၁၄ ကနေ သိရပါတယ်။

ရေဦးပအဖ တာဝန်ရှိသူက “ကျနော်တို့ ဒရုန်းနဲ့ ဗုံးသီး ၁၂ လုံးကြဲပြီး စစ်ကောင်စီဂိတ်ကို သွားတိုက်ခဲ့တာဗျ။ ကျနော်တို့ သွားတိုက်ခဲ့တဲ့ နေရာတွေကတော့ ရေဦးမြို့ အနောက်မြောက် အထွက်မှာ အထိုင်စခန်းဂိတ် ချထားတဲ့ ရွှေကျီးမင်းဂိတ်ရယ်၊ ရေဦး-ဒီပဲယင်း လမ်းအထွက်က ဂါဝီဂိတ်တို့ကို ဗုံးကြဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်ကို ကျနော်တို့ ဗုံးကြဲချခဲ့လို့ စစ်သား ၆ ယောက် သေဆုံးတာတွေ ရှိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်-၁၄ တပ်ရင်း၊ ရေဦး PDF၊ ရေဦး ပကဖ၊ Sagaing Federal Wings၊ စစ်ကိုင်းခရိုင်ပကဖ၊ GTR (မြင်းမူ)၊ စစ်ကိုင်းခရိုင် အမှတ်-၅ တပ်ရင်း(MRA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက‌လည်း ရေဦးမြို့ အနောက်ထွက် ရွှေကျီးမင်း စစ်‌ေဆးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကို ပစ်ခတ်ခဲ့လို့ ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၆ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ကြား တိုက်ပွဲ ၂ ကြိမ် ထိတွေ့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီလောက်မှာ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကနေ သိန္ဓောစခန်းကို ရိက္ခာပို့ပြီး ပြန်လာကြတဲ့ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဘန်ကြုပ်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကိုယ့်လူတွေက အရင်ပစ်တယ်။ သူတို့က မိုင်းထောင်ဖို့သွားတုန်း ရန်သူက နားပြီး တောင်ပေါ်မှာ ကင်းချထားတာကို မိုင်းသွားထောင်သမားတွေက အရင်မြင်တော့ ပစ်ချလိုက်တာ။ တယောက် လိမ့်ကျလာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်ကလည်း သကျက်ကျေးရွာအုပ်စုရှိ ကျွဲထိန်းကုန်းရွာနဲ့ ဂဏန်းကွင်းကျေးရွာတို့ဘက်မှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လေးဘက်ပိတ်ဆို့ကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာပြီးနောက် ကဏန်းကွင်းရွာဘက် ဆုတ်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က လမ်းတလျှောက် လိုက်လံပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီမှာ ပစ်ခတ်တာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။

PDF တပ်ဖွဲ့ဝင်တဦးက “လမ်းတလျှောက် ကျနော်တို့ လှမ်းပစ်လို့ နှစ်ယောက် လဲကျသွားတာကတော့ မျက်စိအမြင်ပဲ။ တနေ့လုံး ကဏန်းကွင်းရွာတလျှောက် ပစ်ခတ်မှုတွေ ဖြစ်နေကြတာ။ ခမရ ၅၆၁ ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ကူတယ်။ စစ်ကူလည်း ထွက်လိုက်လာသေးတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးဘက်က ၃ ဦး ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသလို ၆ဝ မမ ဗုံးသီး ၇ လုံးနဲ့ ကျည်အိမ် ၁ ခုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါ‌တယ်။

အဲဒီတိုက်ပွဲကို မဟာမိတ်စစ်ကြောင်းဖြစ်တဲ့ ကော်သူးလေအာမီ KTLA၊ တနင်္သာရီပကဖ၊ မြိတ်ပကဖနဲ့ မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ခမရ ၅၆၁ တပ်ကနေ လက်နက်ကြီးပစ်ကူတွေ တိုက်ပွဲဖြစ်တဲ့နေရာဆီ တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့သလို နောက်တရက် နေ့လယ်ပိုင်းလောက်မှာလည်း လက်နက်ကြီးတွေ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဟိုဘက်မှာ တိုက်ပွဲဖြစ်နေလို့ပဲ ပစ်နေတာ။ ကဏန်းကွင်းဘက်ကို ၅၆၁ တပ်ကနေ ပစ်နေတာ။ မနေ့ကတည်းက ပစ်နေတာ။ ဒီနေ့ပစ်နေတာ ၁၂ နာရီလောက်မှ စပစ်‌တာ” လို့ ပြောပါတယ်။

လက်ရှိ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက သကျက်ကျေးရွာအုပ်စုဘက်မှာ တပ်ဖြန့်ကျက်ထားပြီး စစ်ရေးပြင်ဆင်တာတွေ ရှိနေတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေအနေနဲ့ တနင်္သာရီမြို့နယ်အတွင်း မဟာမိတ် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလက်တွဲပြီး စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ သွားလာသတိရှိဖို့နဲ့ စစ်ရေးအမြင် ရှိကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကနေ အသိပေး တိုက်တွန်းထားပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024