Home
မေးမြန်းခန်း
“အာဏာရှင်တွေအတွက် နေစရာ မြေနေရာ မရှိသင့်တော့ဘူး” - TNLA ဗိုလ်မှူးချုပ်တာဘုန်းကျော်
DVB
·
November 8, 2023

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ MNDAA ကိုးကန့်၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တွေ အပါအဝင်  ပူးပေါင်းတပ်ဖွဲ့တွေရဲ့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး သီတင်းနှစ်ပတ် မပြည့်ခင်မှာပဲ စစ်ကောင်စီရဲ့ တပ်စခန်း ရာနဲ့ချီပြီး သိမ်းပိုက်ထားနိုင်သလို မြို့တချို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးအရှိန်အဟုန် ဘယ်လောက်အထိ အားကောင်းနေပြီလဲ၊ စစ်ကောင်စီ မြေပြင်တပ်တွေရဲ့ အခြေအနေတွေ ဘယ်လိုရှိနေလဲ စတာတွေနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်ကို ဒီဗွီဘီသတင်းထောက် ထက်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး - မင်္ဂလာပါခင်ဗျာ၊ ပထမဆုံးအနေနဲ့ TNLA အပါအဝင် မဟာမိတ်တွေ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးက အခုဆိုရင် ၁၂ ရက်မြောက်နေ့ ရောက်ပြီပေါ့နော်။ ဆိုတော့ လက်ရှိအချိန်အထိဆိုရင် စခန်းပေါင်း ဘယ်လောက်လောက်ကို သိမ်းဆည်းထားနိုင်ပြီလဲ၊ မြို့တွေဆိုရင်ကော ဘယ်လောက်လောက် ထိန်းချုပ်ထားနိုင်ပြီလဲ။

ဖြေ - “ကျနော်တို့ ၁၀၂၇ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ပုံမှန်နေ့တိုင်း update ထုတ်နေတာတော့ ရှိပါတယ်။ ကျနော်တို့ စခန်းပေါင်းကတော့ စုစုပေါင်း ၁၀၀ ကျော်တော့ သိမ်းဆည်းရမိသွားပြီ ဖြစ်ပါတယ်။ ကျနော်တို့ TNLA တဖွဲ့ အနေနဲ့လည်း သိမ်းထားတဲ့ စခန်းက ၂၀ ကျော် ၃၀ ကျော်လောက် ရှိသွားပါပြီ။ ကျနော်တို့ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ် အဲဒီလမ်းမကြီးတလျှောက် နမ့်ခမ်းဘက်အထိပေါ့နော်၊ အဲဒီမှာရှိတဲ့ စကစရဲ့ စခန်းကုန်းတွေကို ကျနော်တို့ ၂၀ ကျော် သိမ်းရပါတယ်။ အထူးသဖြင့် အများဆုံး သိမ်းရတာတော့ ကျနော်တို့ MNDAA ကိုးကန့်အဖွဲ့က သိမ်းဆည်းရမိတာ ပိုပြီးများပါတယ်။”

မေး - မြို့တွေကော ထိန်းချုပ်ထားနိုင်တာရှိလား၊ TNLA အနေနဲ့ပေါ့။

ဖြေ - “မြို့ကတော့ ကျနော်တို့ အကုန်လုံး ဒီ အားလုံး အလုံးစုံထိန်းချုပ်တဲ့ ဟာကတော့ ကျနော်ထင်တယ်။ ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ ရဲစခန်းတွေ၊ အုပ်ချုပ်ရေးရုံးတွေ ကျနော်တို့ ဝင်ထိန်းချုပ်တဲ့ဟာတွေ တချို့ရှိပါတယ်။ အဲဒီမြို့နားမှာရှိတဲ့ စကစရဲ့ စစ်စခန်းတွေကိုတော့ ကျနော်တို့ တိုက်နေဆဲပဲရှိပါတယ်။ အကုန်လုံး မထိန်းနိုင်သေးပါဘူး၊ ဒါ ကျနော်တို့အဖွဲ့ အနေနဲ့ပေါ့။ မြို့တွေဝင်တာတော့ ကျနော်တို့ မန်တုန်မြို့လည်း ဝင်တယ်။ နမ့်ခမ်းမြို့လည်း အခု ကျနော်တို့ တိုက်ပွဲဖြစ်တယ်။ နမ့်ခမ်းမှာ ဒီမနက်မှာပဲ သူတို့ရဲ့စခန်းတခု သူတို့ဝင်နေနေတဲ့နေရာပေါ့၊ ကျနော်တို့ သူတို့ကို လက်နက်ချခိုင်းတယ်၊ မချတော့ သိမ်းတယ်၊ အဲလိုရှိပါတယ်။ ကိုးကန့်ဘက်ကတော့ ၁၀၂၇ စစ်ဆင်ရေးကနေ မြို့ နှစ်မြို့ သုံးမြို့ လောက်တော့ သိမ်းပြီးပါပြီ။ အားလုံးကိုလည်း သတင်းတွေမှာ သူတို့ ပြောထားပြီးပါပြီ။”

မေး - ဒီ ၁၂ ရက်တာကာလအတွင်းမှာဆိုရင် စစ်ကောင်စီဘက်က ဘယ်လောက်လောက် ကျဆုံးထားသလဲ၊ ပြီးတော့ အရှင်ပေါ့နော် သုံ့ပန်းအဖြစ် ဘယ်လောက်လောက် ဖမ်းဆီးထားနိုင်သလဲ။ ခန့်မှန်းပေါ့ ပြောလို့ရသလောက် ပြောပြပေးပါလား။

ဖြေ - “အကျအဆုံးကတော့ ကျနော်တို့ နည်းနည်းလေး ပြောဖို့ခက်သေးတယ်။ ကျနော်တို့ TNLA ရယ်၊ မန္တလေး PDF ရယ် ပေါင်းပြီးတော့ ဖြစ်တဲ့တိုက်ပွဲမှာ သေဆုံးကတော့ ခန့်မှန်းတော့ ရာဂဏန်းလောက်ရှိပါပြီ သူတို့ကျတာ။ ကျနော်တို့ သုံ့ပန်းအနေနဲ့ ဖမ်းမိတာလည်း ရာဂဏန်းလောက်တော့ ရှိပါပြီ။ ဒီမနက်ပဲ နောက်ထက် တဆယ်၊ နှစ်ဆယ် အဲလိုမျိုး နောက်ထပ် သုံ့ပန်းဖမ်းမိတာ ရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးတခုလုံးအနေနဲ့ ဆိုရင်တော့ ကျနော်ထင်တယ်၊ သုံ့ပန်းတွေ ကိုးကန့်ဘက်ကတော့ သူတို့တွေ အများကြီး ပိုမိတယ်။ အများကြီး ပိုရပါတယ်။”

မေး - မဟာမိတ်တွေက ကာလတိုအတွင်းမှာကို စစ်ကောင်စီတပ်စခန်းပေါင်း ရာနဲ့ချီပြီးတော့ သိမ်းဆည်းရမိတယ်ပေါ့နော်။ ဆိုတော့ အချိန်တိုအတွင်းမှာ ဒီလောက်အထိ သိမ်းနိုင်တယ်၊ တိုက်ခိုက်နိုင်နေတာ ဒါ တပ်ပေါင်းစုအနေနဲ့ ပုံစံမျိုးနဲ့ သွားပြီးတော့ လုပ်ဆောင်တဲ့ အကျိုးကျေးဇူးလား၊ အဲဒီရဲ့ ရလဒ်တွေလို့ ပြောလို့ရမလား။

ဖြေ - “ဟုတ်ကဲ့ပါ၊ ကျနော်တို့ ကိုးကန့်ရယ်၊ ကျနော်တို့ရယ်၊ အေအေရယ် ကျနော်တို့ ၃ ဖွဲ့ရယ်၊ ကျနော်တို့နဲ့ဆက်စပ်တဲ့ PDF တွေ၊ မန္တလေး PDF တွေ၊ နောက် နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ ဖွဲ့လာတဲ့ KNDF တို့ BPLA အဲလိုအဖွဲ့တွေကြောင့် ကျနော်တို့ သေချာပြင်ဆင်ပြီးတော့မှ ၂ နှစ်တာကာလအတွင်း ပြင်ဆင်ထားတဲ့ဟာကို ကျနော်တို့ အကောင်အထည်ဖော်တယ်ဆိုတော့ ကျနော်တို့ ဒီလိုမျိုးရလဒ်တွေ ရလာတယ်လို့ ပြောလို့ရပါတယ်။”

မေး - ဗိုလ်မှူးချုပ်တို့ သိတဲ့အတိုင်းပဲ၊ အချိန်တိုအတွင်းမှာ စစ်ကောင်စီစခန်းတွေက အများအပြား ကျသွားတာဆိုတော့ ဒီ မြေပြင်မှာ တကယ်တိုက်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ရည်ခိုက်ရည်ပေါ့၊ တိုက်ခိုက်စွမ်းအားနဲ့ မြေပြင်အခြေအနေ သူတို့ရဲ့အခြေအနေက ဘယ်လိုမျိုးရှိလဲ။ ဘယ်လိုသုံးသပ်လို့ရမလဲ။

ဖြေ - “ဟုတ်ကဲ့ပါ၊ ကျနော်တို့ ဒီစစ်ဆင်ရေးကိုဖွင့်တာနဲ့ ကျနော်တို့က စာတွေထုတ်ထားပြီးသား ဖြစ်တယ်။ အောက်ခြေမှာရှိနေတဲ့ စကစရဲ့ တပ်ရင်းတွေ စစ်ကြောင်းတွေကို ကျနော်တို့က ပြောထားပြီးသားဖြစ်တယ်။ လူထုနဲ့အတူ ပူးပေါင်းပါ။ ကျနော်တို့နဲ့အတူ ပူးပေါင်းလိုက်တယ်ဆိုရင် သူတို့ရဲ့ အသက်လည်း မသေဘူး။ ကျနော်တို့ ဒီကနေ့ကမ္ဘာဟာ ယဉ်ကျေးတဲ့ကမ္ဘာ ဖြစ်သင့်ပြီ၊ ယဉ်ကျေးတဲ့ကမ္ဘာမှာ ဒီလို အာဏာရှင်တွေ လူပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုပဲ ကောင်းစားဖို့ လုပ်နေတဲ့ ဒီအာဏာရှင်တွေအတွက် နေစရာ မြေနေရာ မရှိသင့်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ကျနော်တို့လည်း အဲလို စည်းရုံးမှုတွေ လုပ်တယ်။ ပြီးတော့ ဒီ အောက်ခြေမှာရှိနေတဲ့ စစ်သားတွေကိုယ်တိုင်ကလည်း ဒီစစ်ခေါင်းဆောင်တွေ မင်းအောင်လှိုင်တို့ စစ်ခေါင်းဆောင်တွေရဲ့ ဒီလို ခေါင်းမာနေတယ်၊ လူထုတွေကို သတ်ဖြတ်နေတယ်၊ ညှဉ်းပန်းနှိပ်စက်နေတယ်၊ လူထုတွေကို ဆန့်ကျင်နေတဲ့ အလုပ်တွေကို အောက်ခြေက ရဲဘော်တွေကလည်း အသေခံပြီး ကာကွယ်ပေးချင်တဲ့စိတ် မရှိတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ အခုစစ်ဆင်ရေးတွေက ဒီလို ခပ်မြန်မြန်ဆန်ဆန် အောင်မြင်မှုတွေ ရနေတာလို့ ကျနော်မြင်ပါတယ်။ အောက်မှာကြည့်လိုက် ကျနော်တို့ ဒီ ကိုးကန့်ဘက်မှာပဲ ဖြစ်ဖြစ် ကျနော်တို့ဘက်မှာပဲဖြစ်ဖြစ် တပ်စခန်းတွေမှာ ကျနော်တို့ သိမ်းလို့ရတဲ့ ပစ္စည်းတွေဆိုရင် ဒါတွေက အောက်ခြေမှာရှိတဲ့ စကစတွေက စစ်မတိုက်ချင်တော့ဘူး။ တကယ်လို့ သူတို့က တိုင်းပြည်ကိုချစ်တဲ့စိတ် မှန်ကန်တဲ့ စစ်သားတယောက် ရှိတဲ့စိတ်ကို သူတို့ တကယ်ထားမယ်ဆိုရင် ဒီလက်နက်တွေနဲ့ သူတို့ တိုက်ပွဲတွေ ဝင်လို့ရသေးတယ်။ ဒါပေမဲ့ သူတို့က မတိုက်တော့ဘူး။ သူတို့ သဘောပေါက်လာပြီး ကျနော်တို့ အခု နွေဦးတော်လှန်ရေးတောက်လျှောက် ပြောနေတဲ့ဟာတွေပေါ့၊ အဲဒါတွေရဲ့ အကျိုးအမြတ်လို့ ကျနော်မြင်တယ်။ အောက်ခြေမှာရှိတဲ့ စကစ တပ်ရင်းတပ်ဖွဲ့တွေက၊ စစ်ကြောင်းတွေက သူတို့ ထိုက်သင့်သလောက် နားလည်လာပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့ တိုက်ပွဲတွေက ထင်တာထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖြစ်လာတယ်လို့ကျနော်မြင်ပါတယ်။”

မေး - အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဗိုလ်မှူးချုပ်တို့ အနေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်တာတွေရှိလား။ ဘယ်လိုပုံစံမျိုး ဆောင်ရွက်နေတယ် ဆိုတာ ပြောပြပေးပါဦး။

ဖြေ - “ကျနော်တို့အနေနဲ့ နဂိုကလည်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိတယ်။ ဒါပေမဲ့ အားလုံးကို ထုတ်ဖော်ပြသ ပြောဆိုလို့ မရတာလည်း ရှိတယ်။ အခု တော်လှန်ရေးမှာလည်း NUG အစိုးရနဲ့ သေချာတိုင်ပင်တယ်။ NUG အောက်မှာရှိတဲ့ MOD တွေရဲ့ CoC အောက်မှာ ရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း အလုပ်တွေ ဝိုင်းလုပ်ကြဖို့၊ အတတ်နိုင်ဆုံး အခုတော်လှန်ရေး 1027 အော်ပရေးရှင်း လှိုင်းလုံးထဲမှာ အတူတူ အကောင်အထည်ဖော်ကြဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ MOD အောက်မှာရှိနေတဲ့ PDF တွေရော၊ MOD အောက်မှာ မရှိသေးတဲ့ မဟုတ်သေးတဲ့ PDF တွေရာ၊ ကျနော်တို့နဲ့ ဆက်စပ်နေတာ အကုန်လုံး နိုင်ငံအနှံ့အပြားမှာ ဟန်ချက်ညီညီ စစ်ရေးဖော်ဆောင်နေတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ လုပ်လည်းလုပ်နေကြတာ တွေ့နေရပါတယ်။”

မေး - စစ်ရေးရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ်တို့ ပြည့်ပြည့်စုံစုံ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ပြည်သူတွေကို ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ ထပ်ပြောချင်တာရှိရင် ပြောပြပေးပါဦး။

ဖြေ - “နာမည်ကတော့ 1027 Operation ဖြစ်တယ်။ ဒါကတော့ နာမည်ပဲဖြစ်တယ်။ ကျနော်တို့အကုန်လုံး ရည်ရွယ်ချက်က မြန်မာနိုင်ငံတနိုင်ငံလုံး စစ်အာဏာရှင်ဖြုတ်ချရေး ဆိုတဲ့ တော်လှန်ရေးကြီးကို စစ်ရေးအရှိန်အဟုန်မြှင့်ပြီး နွေဦးတော်လှန်ရေးပန်းတိုင်ကို ကျနော်တို့ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အသီးသီး၊ ဒေသအသီးသီးက ဝိုင်းတွန်းလှန်ကြမယ်ဆိုရင်တော့ အာဏာရှင်ကို ကျနော်တို့ အမြန်ဆုံး ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာမှာရှိနေတဲ့ ပြည်သူလူထုတွေကလည်း ကိုယ်ရောက်နေတဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီး အစိုးရတွေကို ဒီထက်ပိုပြီး စည်းရုံးမှုတွေလုပ်ဖို့ မြင်ပါတယ်။ ကျနော်တို့ ပြည်တွင်းမှာ သက်ဆိုင်ရာ ဒေသအသီးသီးက နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်နေတဲ့အချိန်မှာ ဒါ တခုတည်းနဲ့လည်း ပြီးမြောက်အောင်မြင်ဖို့ ခက်ခဲပါတယ်။ အားလုံး ဘက်ပေါင်းစုံက နိုင်ငံရေးအရရော၊ နိုင်ငံတကာ ထောက်ခံမှုအရရော ဒီထက်ပိုတိကျတဲ့ ထောက်ခံမှုတွေ ရအောင် ဝိုင်းလုပ်ဖို့လိုပါတယ်။ နိုင်ငံတကာကလည်း ဝိုင်းထောက်ခံပေးမှ ကျနော်တို့ တော်လှန်ရေးက အောင်မြင်မှုပန်းတိုင်ကို အမြန်ဆုံး ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း နိုင်ငံတကာမှာရှိနေတဲ့ နွေဦးတော်လှန်ရေးထဲမှာ ရှိနေတဲ့ တာဝန်အသီးသီးယူထားတဲ့ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးကိုလည်း ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီထက်ပိုပြီး ဝိုင်းပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။”

မေး - တော်လှန်ရေးနဲ့ပတ်သက်လို့ အမြင့်ဆုံးအချိန်ကို ရောက်ပြီလို့ ပြောဆိုသုံးသပ်တာမျိုး ရှိတယ်။ ဗိုလ်မှူးချုပ်တို့အနေနဲ့ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ - “မြန်မာပြည်သူလူထုတခုလုံး နှစ်ပေါင်း ခြောက်ဆယ်၊ ခုနှစ်ဆယ် ခံလာရတာ ဖြစ်ပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတော့ အားလုံးက ပိုသိသွားပြီ။ စစ်အာဏာရှင်က ကျနော်တို့ တိုင်းရင်းသားဒေသတွေတင် မကဘူး၊ အညာဒေသ မကွေး၊ စစ်ကိုင်း စတဲ့ မြို့ပေါ်မှာရော အားလုံးကို မီးလောင်တိုက်သွင်းပြီး ချေမှုန်းနေတာဖြစ်တယ်။ ဒီလို အာဏာရှင်ရဲ့ဒဏ်ကနေ ကင်းလွတ်ချိန်တန်ပါပြီ။ ကျနော်တို့ မြန်မာနိုင်ငံမှာ အာဏာရှင် ခြေမချနိုင်အောင် ကြိုးစားကြဖို့လိုပြီ။ လောလောဆယ် အခြေအ‌ေနမှာ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးတင်ပြီးမှ တော်လှန်ဖို့ တကယ့်အချိန်ကောင်းလို့ မြင်ပါတယ်။ အဲဒီလိုဖြစ်ဖို့လည်း ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက် ရောက်အောင်လည်း ကျနော်တို့ အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ပြီဆိုရင် အားလုံး မျှော်လင့်ထားသလို တော်လှန်ရေးက အမြင့်ဆုံးရောက်ပြီ။ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရနိုင်တော့မယ့် အနေအထား ရောက်လာပြီလို့ ပိုထင်ရှားလာပြီလို့ ပြောချင်ပါတယ်။”

မေး - တော်လှန်ရေး အရှိန်ကောင်းလာတာနဲ့အမျှ လူထုရဲ့ ထောက်ပို့ကလည်း ပိုပြီး အရေးကြီးလာပြီ။ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်လာပြီဆိုတော့ ထောက်ပို့ကိစ္စ၊ ထောက်ပံ့ရေးကိစ္စတွေ ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ ဗိုလ်မှူးချုပ်တို့အနေနဲ့ ဘယ်လိုတိုက်တွန်းချင်ပါသလဲ။

ဖြေ - “ကျနော်တို့ EROs တွေ၊ ကချင်ပဲဖြစ်ဖြစ်၊ အေအေ၊ MNDAA စသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကတော့ အခြေခံကျကျ တည်ဆောက်လာတာ နှစ်ပေါင်းများစွာ ရှိလာပြီဆိုတော့ ထောက်ပို့က ဘယ်လောက် အရေးကြီးလဲဆိုတာ အားလုံးက သဘောပေါက်တယ်။ တိုင်းရင်းသားလူထုတွေ ထောက်ပံ့လို့လည်း ကျနော်တို့က ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ထောက်ပြချင်တာက PDF တွေပေါ့။ ဒီတနှစ် နှစ်နှစ်အတွင်း လက်နက်ကိုင်တော်လှန်ရေး အောင်မြင်အောင် လုပ်နိုင်ဖို့၊ စစ်ဆင်ရေးတွေကို အောင်မြင်ဖို့လုပ်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာမှာရှိနေတဲ့ ပြည်သူလူထုတွေရာ၊ ပြည်တွင်းမှာရှိနေတဲ့ ဒေသအသီးသီးမှာရှိနေတဲ့ လူထုရော PDF တွေကို နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းထောက်ပို့ကြဖို့ လိုတယ်။ အဲဒါမှလည်း နွေဦးတော်လှန်ရေးကို အားလုံးပေါင်းစပ်ပြီး ကျနော်တို့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ထောက်ပို့က တော်တော်ကို အရေးကြီးပါတယ်။”

မေး - ဖြည့်စွက်ပြီး ပြောစရာရှိရင် ပြောပေးပါဦး။

ဖြေ - “မြန်မာပြည် တနံတလျားမှာ ဒေသအသီးသီးမှာရှိနေတဲ့ ပြည်သူလူထုတွေက နွေဦးတော်လှန်ရေးတာဝန်ကို နိုင်တဲ့ဘက်က အကောင်းဆုံး ထမ်းဆောင်ဖို့လိုတယ်။ PDF တွေ၊ EROs တွေအနေနဲ့ တော်လှန်ရေးကို အကောင်းဆုံး ဝိုင်းကြိုးစားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို ကျနော်တို့ရဲ့ ရန်သူတွေ ရှင်းအောင် အောင်မြင်အောင် ဝိုင်းလုပ်ကြဖို့ လိုအပ်တယ်။ အဲဒီအတွက် ဝိုင်းဝန်းပူးပေါင်းပေးကြပါလို့ ကျနော် တိုက်တွန်းလိုပါတယ်။”

ဟုတ်ကဲ့ပါ ဗိုလ်မှူးချုပ်၊ ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024