ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က သားအဖ ၂ ယောက် မကွေးတိုင်း၊ ဆောမြို့မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဆောမြို့ခံတွေက ပြောပါတယ်။
ဆောမြို့ပေါ်မှာ နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီလောက်က ဆိုင်ကယ်စီးလာတဲ့ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ပါစတာမာန်ကွီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ ဖခင်ရဲ့အလောင်းကို သွားရောက်ကြည့်ရှုတဲ့ သားဖြစ်သူ ဆလိုင်းလှေ့မာန်လည်း ဆောမြို့နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် လည်ပင်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆလိုင်းလှေ့မာန်ဟာ CDF-ကန်ပက်လက် တပ်ရင်း-၃ (တူမီးတပ်ရင်း) ရဲ့ ဒုတပ်ရင်းမှူး ဖြစ်တယ်လို့လည်း တူမီးတပ်ရင်းက နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
“သူ့အဖေက ဆောမှာ စစ်ဘေးရှောင်နေတာ၊ သူ့အဖေ အသတ်ခံရတဲ့သတင်းကြားလို့ သူ့သားက လာလိုက်ကြည့်တဲ့အချိန် အပစ်ခံရတယ်လို့ သိထားရတယ်။ သားရဲ့အလောင်းတော့ ပြန်ရတယ်၊ သူ့အဖေအလောင်းတော့ ပြန်မရဘူး” လို့ ဆောမြို့ခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ဆောမြို့ပေါ်မှာ အစစ်အဆေး တင်းကျပ်နေပြီး ကန်ပက်လက်မြို့ခံ ၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျောက်တန်းရွာက ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အဆက်အသွယ်မရတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ကလေးဝမြို့မှ ချင်းတွင်းမြစ် အောက်ပိုင်းကို စုန်ဆင်းလာပြီး အခုလို ရွာသား ၃ ဦးကို ဖမ်းဆီးကာ လမ်းပြအဖြစ် ခေါ်ဆောင်ခံရတာလို့ ဆိုပါတယ်။
ဒေသခံရွာသားတဦးက “ကလေးဝမြို့ဘက်ကနေ သင်းရနံ့လို့ အမည်ပါတဲ့ ဖလပ်မော်တော်တစီးနဲ့ ချင်းတွင်းမြစ်အောက်ပိုင်းကို စုန်ဆင်းလာပြီး ကျမတို့ ကျောက်တန်းကျေးရွာက အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတယ်ရှင့်။ သေသလား၊ ရှင်သလားလဲ မသိရသေးပါဘူး။ အသက်အန္တရာယ်အတွက် အရမ်းစိုးရိမ်မိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြာင်းကတော့ မင်းကင်းမြို့နယ်၊ ကျောက်တန်းရွာ၊ ချောင်းဆုံရွာကနေ အောင်ချမ်းသာရွာကို ဦးတည် စစ်ကြာင်းထိုးနေတာကြောင့် ပြည်သူ ထောင်နဲ့ချီ အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။