Home
မြန်မာသတင်း
သေဒဏ်၊ တသက်တကျွန်း ချမှတ်ခံထားရသူများကို တလတကြိမ် မိသားစုနှင့် တွေခွင့်ပြုမည်
DVB
·
November 8, 2023

အကျဥ်းထောင်အသီးသီးမှာ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း အမိန့်ချမှတ်ခံထားရသူတွေကို နိုဝင်ဘာလကစပြီး တလတကြိမ် မိသားစုဝင်တွေနဲ့ လူချင်း ဧည့်​တွေ့ခွင့်ပြုသွားမယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကျဥ်းဦးစီးဌာနက မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ အကျဥ်းထောင်အသီးသီးမှာ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း အမိန့်ချမှတ်ခံထားရတဲ့ အကျဥ်းသား၊ အကျဥ်းသူတွေကို နိုဝင်ဘာ ၅ ရက်ကစတင်ကာ မိသားစုဝင်တွေနဲ့ လူချင်း ဧည့်တွေ့ဆုံခွင့်ပြုခဲ့တာလို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အောက်တိုဘာ ၂၄ က အကျဥ်းသား အကျဥ်းသူတွေကို မိသားစုနဲ့ ဧည့်တွေ့ခွင့်ပြုခဲ့တာ ရှိတယ်။ အဲ့အထဲမှာ သေဒဏ်ကျနေတဲ့သူတွေ၊ ထောင်တသက်တကျွန်း ချထားတဲ့သူတွေ မပါဘူး။ အာ့ကြောင့် သူတို့အတွက် လစဥ် တနင်္ဂနွေနေ့တိုင်း တွေ့ခွင့်ပြုမယ်။ ဒီလက ၅ ရက်နေ့၊ ဒီဇင်ဘာလဆို ၃ ရက်နေ့ တွေ့ခွင့်ရမယ်။”

ဒါ့အပြင် တခြားအကျဥ်းသား၊ အကျဥ်းသူတွေကိုလည်း တလကိုနှစ်ကြိမ် မိသားစုနဲ့ ဧည့်တွေ့ခွင့်ပြုထားပြီး တရားရင်ဆိုင်နေတဲ့ အချုပ်သားတွေကို တပတ်တကြိမ် မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားတဦးရဲ့ မိသားစုဝင်တဦးက “အင်းစိန်ထောင်က သေဒဏ်ကျတဲ့သူတွေ မိသားစုနဲ့ ဧည့်တွေ့ခွင့်ရပြီဆိုပြီး ဖုန်းဆက်တယ်။ အန်တီတို့က နယ်ရောက်နေတာဆိုတော့ နောက်လမှ တွေ့ခွင့်ရမှာ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၆၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၅၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၀၂၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024