Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသောက်ဆေးပင် ဒန့်ဒလွန်ပင်
DVB
·
November 8, 2023

တော်လှန်ရေးခရီးကြမ်းလမ်းကို မိမိကိုယ်တိုင် သတ္တိရှိရှိရွေးချယ်ပြီး လူသားဆိုင်ရာ တန်းတူညီမျှရေးကို အနာဂတ်ရင်သွေးများအတွက် ကိုယ်တိုင်ကိုယ်ကျ လက်ထဲ အရောက်ထည့်ပေးဖို့ ရွေးချယ်ခဲ့ကြတဲ့ နွေဦးပြည်သူ တယောက်ချင်းစီတိုင်းကို လေးစားစွာဦးညွှတ် မှတ်တမ်းတင်ကြောင်း ဦးစွာဖော်ပြအပ်ပါတယ်။ လက်လှမ်းမီ ဆေးပညာကလည်း နွေဦးပြည်သူတို့နဲ့အတူ တသွေးတသားတည်း ရပ်တည်နေကြောင်းလည်း သစ္စာပြုအပ်ပါတယ်။

ဒီတပတ် နွေဦးပြည်သူတို့အတွက် လက်လှမ်းမီဆေးပညာအနေနဲ့ စားသောက်ဆေးပင် ဒန့်ဒလွန်ပင် အကြောင်းကို မျှဝေသွားပါမယ်။ ဒန့်ဒလွန်ပင်ကို ရှေးပဝေသနီကတည်းက အစားအသောက်ဟင်းလျာတွေနဲ့ ဆေးဘက်ဆိုင်ရာမှာ သုံးစွဲခဲ့ကြပါတယ်။

ဒန့်ဒလွန်ပင်ကို သိပ္ပံလို Moringa oleifera လို့ခေါ်ပြီး အင်္ဂလိပ်လို Drumstick tree လို့ ခေါ်ပါတယ်။ ဒန့်ဒလွန်ပင်ရဲ့ ပင်စည်အခေါက်၊ အရွက်၊ အသီး၊ အစေ့၊ အစေ့ဆီနဲ့ အမြစ်တို့ကို ဆေးဘက်ဆိုင်ရာမှာ သုံးစွဲကြပါတယ်။

ဒန့်ဒလွန်ပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ရောင်ရမ်းခြင်းကို ကျစေတဲ့ အာနိသင်၊ ဘက်တီးရီးယားပိုးကို သေစေခြင်း၊ ဒဏ်ရာအနာကျက်မြန်ခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီကို ကျစေတဲ့ ဂုဏ်သတ္တိတွေအပြင် ကျန်းမာရေးအတွက် အာဟာရများစွာ ပါဝင်တဲ့ ဆေးဘက်ဝင် စားသုံးပင် ဖြစ်ပါတယ်။

ဒန့်ဒလွန်ရွက်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းများ၊ အဆီများ၊ ကာရိုတီးနွိုက်များ၊ ဗီတာမင် A၊ ဗီတာမင် E နဲ့ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ် စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး အာဟာရတန်ဖိုးများစွာ ကြွယ်ဝစွာပါတဲ့အပြင် flavonoids၊ phenolic compounds၊ glucosinolates နဲ့ ကာရိုတီးနွိုက်တွေလည်း ပါဝင်ပါတယ်။ ဒန့်ဒလွန်ရွက်မှာ ပါဝင်တဲ့ eugenol၊ polyphenol ပါဝင်မှုကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

ဒန့်ဒလွန်ရွက်ဟာ အသက်ရှူလမ်းကြောင်း ကြွက်သားတွေကို ပြေလျော့စေပြီး အသက်ရှူ အားကောင်းစေခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်။

ဒန့်ဒလွန်ရွက်ဟာ သွေးကြောတွေကို ပြေလျော့စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေတဲ့ အာနိသင် ပါဝင်ပြီး သွေးတိုးအတွက် အထူးကောင်းမွန်ပါတယ်။

ဒန့်ဒလွန်ရွက်မှာ ပါဝင်တဲ့ ဂလူးကိုဆီနိုလစ်လို့ခေါ်တဲ့ ဓာတုပစ္စည်းတမျိုးဟာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ တိုက်ဖွိုက်၊ အဆုတ်ရောင်တာ စသဖြင့် ရောဂါပိုးတွေကို ဟန့်တားရာမှာ အထောက်အကူ ပြုစေပါတယ်။

ဒန့်ဒလွန်ရွက်မှာ သွေးတွင်းဂလူးကို့စ် တိုးမြင့်စေတဲ့ အင်ဇိုင်းတွေကို ဟန့်တားပေးတဲ့ polyphenols ပါဝင်မှုကြောင့် ဆီးချိုကို ထိန်းသိမ်းနိုင်စွမ်း ရှိပါတယ်။

ဒန့်ဒလွန်ရွက်ကို မျက်မြှေးရောင်တာ ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဒန့်ဒလွန်ရွက် လတ်လတ်ဆတ်ဆတ်ဟာ သံဓာတ်ကြွယ်ဝပြီး သွေးနီဥ (ဟေမိုဂလိုဘင်) ကို မြှင့်တင်ပေးနိုင်လို့ သွေးအားနည်းရောဂါအတွက် အကျိုးရှိပါတယ်။

ဒန့်ဒလွန်ရွက်ဟာ ဖောရောင်ခြင်းနဲ့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဆီးကို ကောင်းမွန်စေပြီး ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဒန့်ဒလွန်ရွက်မှာ အာဟာရဓာတ်ကြွယ်ဝပြီး အာဟာရချို့တဲ့မှုအတွက် အထောက်အကူ ပြုပါတယ်။ အယ်လ်ဇိုင်းမားရောဂါလို့ ခေါ်တဲ့ အာရုံကြောဆိုင်ရာ ယိုယွင်းလာတာတွေကိုလည်း ကူညီပေးနိုင်စွမ်း ရှိပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (beta carotene) ပါဝင်တဲ့အတွက် မျက်စိကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

ဒန့်ဒလွန်ရွက်မှာ ပါဝင်တဲ့ ကာရိုတီးနွိုက်ဓာတ်ဟာ အရေပြားကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်။

ဒန့်ဒလွန်စေ့ဆီကို အရေပြားဒဏ်ရာတွေမှာ လိမ်းပေးခြင်းဖြင့် ပိုမိုလျင်မြန်စွာ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

ဒန့်ဒလွန်စေ့ဆီကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဆံပင်ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဒန့်ဒလွန်စေ့ဆီနွေးနွေးကို အဆစ်ရောင်ခြင်းနဲ့ ထိခိုက်ရောင်ရမ်းနာတွေမှာ လိမ်းပေးနိုင်ပါတယ်။

ဒန့်ဒလွန်မှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးတဲ့ niazimicin ဓာတ်ပေါင်း ပါဝင်ပြီး ကင်ဆာကို ကာကွယ်ကုသရာမှာ အကျိုးပြုပါတယ်။

သွေးတိုးရောဂါအတွက် ဒန့်ဒလွန်ရွက်သတ္တုရည် တခါသောက် ကော်ဖီ ၁ ဇွန်းမှ ၂ ဇွန်းအထိ တနေ့ ၂-၃ ကြိမ်၊ သွေးပေါင်ချိန် အတက်အကျအပေါ်မူတည်ပြီး ချင့်ချိန်သောက်ပါ။

ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး ဒန့်ဒလွန်ရွက် သတ္တုရည် တခါသောက် ကော်ဖီ ၁ ဇွန်းမှ ၂ ဇွန်းအထိကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသည်းအဆီဖုံးခြင်း၊ ဖောခြင်းနဲ့ ဆီးနဲ့ကျောက်ကပ်ရောဂါတွေအတွက် ဒန့်ဒလွန်ရွက် ပြုတ်ရည် တခါသောက် ‌ရေနွေးကြမ်းတခွက်စာကို သကြား ကော်ဖီ ၂ ဇွန်းခန့်ထည့်ပြီး တနေ့ ၂ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။ ဓာတုဆေးဝါးတွေကြောင့်ဖြစ်တဲ့ ကျောက်ကပ် ထိခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေအတွက် ဒန့်ဒလွန်ရွက်ကို ဟင်းချိုဖြစ်စေ၊ ကြော်ချက်ဖြစ်စေ စားပေးနိုင်ပါတယ်။

အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ပန်းနာရင်ကြပ် ရောဂါများအတွက် ဒန့်ဒလွန်သီးပြုတ်‌ရည်ပူပူကို ပဒဲကောမှုန့်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်စီ ရောစပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်စာကို တနေ့ ၂-၃ ကြိမ် သောက်ပေးပါ။ အဲဒီပြုတ်‌ရည် အငွေ့ကိုလည်း ရှူပေးနိုင်ပါတယ်။

ဒန့်ဒလွန်ရွက်ခြောက်မှုန့်ကို ဇီးသီးမှုန့်နဲ့ ပျားရည် ဆတူစပ်ပြီး တခါသောက် ကော်ဖီ ၁ ဇွန်းခန့် နေ့စဥ်စားပေးခြင်းဖြင့် အာရုံကြောအားနည်းခြင်း၊ အိပ်မပျော်ခြင်းတို့ကို သက်သာစေပြီး ခွန်အားကို ဖြစ်စေပါတယ်။

ဒန့်ဒလွန်ရွက်ခြောက် အသင့်အတင့်ကို ရေနွေးကြမ်းခတ်ပြီး တခါသောက် အကြမ်းပန်းကန် တခွက်စာကို တနေ့ ၁-၂ ကြိမ်ခန့်  ပုံမှန်သောက်ပေးခြင်းဖြင့် ကိုယ်တွင်းအညစ်အကြေးတွေကို ကင်းစင်စေပြီး သွေးသန့်စင်စေခြင်း၊ ကိုယ်တွင်းခုခံအားကို ကောင်းမွန်စေခြင်း၊ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးခြင်း၊ အမျိုးသမီးများ မီးယပ်လာစဥ် ကိုက်ခဲခြင်းနဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းတို့ကို ကာကွယ်ပေးပြီး အိပ်ပျော်စေပါတယ်။

မျက်စေ့နာရောဂါမှာ ဒန့်ဒလွန်ရွက်သတ္တုရည်ကို အကြည်ခံပြီး မျက်စဥ်းခတ်ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါအတွက် ဒန့်ဒလွန်ရွက်ကို ကြက်ဥ၊ ကြက်သွေး၊ ဝက်သွေးတို့နဲ့ ကြော်ချက် စားသောက်နိုင်ပါတယ်။

ဒန့်ဒလွန်ရွက်သတ္တုရည်ကို နို့နဲ့ ပျားရည် ရောစပ်ပြီး ကလေးအားဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အရိုးပွရောဂါအတွက် ဒန့်ဒလွန်ရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို နွားနို့ ၁ ခွက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အအေးမိတုပ်ကွေး၊ အာသီးရောင်‌ရောဂါတွေအတွက် ဒန့်ဒလွန်သီးပြုတ်ရည်နွေးနွေး ရေနွေးကြမ်းတခွက်စာကို တနေ့ ၃ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။

လည်ချောင်းနာနဲ့ အသံဝင်တာအတွက် ဒန့်ဒလွန်မြစ်ကိုသွေးပြီး တခါသောက် ကော်ဖီ ၁ ဇွန်း တနေ့ ၂-၃ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။

ဒန့်ဒလွန်သီးနဲ့ ဒန့်ဒလွန်ရွက်ကို ပုံမှန်စားပေးခြင်းဖြင့် ရင်သားကင်ဆာကို သက်သာစေပြီး သားအိမ်အလုံးကို လျော့ကျစေနိုင်တဲ့အပြင် အူအကြိတ်/အူအနာတွေကိုလည်း လျော့ကျ သက်သာစေနိုင်ပါတယ်။

နားကိုက် နားပြည်ယို ရောဂါတွေအတွက် ဒန့်ဒလွန်ပင်စည်အခေါက် လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး အရည် ၁-၂ စက်လောက် နားထဲထည့်ပေးနိုင်ပါတယ်။

ညဘက် ဆီးမကြာခဏသွားတဲ့ ရောဂါအတွက် ဒန့်ဒလွန်သီး အတွင်းသားကို အခြောက်လှန်း အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ နေ့လယ်နဲ့ ည ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဒန့်ဒလွန်သီးနဲ့ ငါးရံ့ကို ဟင်းခါးချက်သောက်ပေးခြင်းဖြင့် မီးဖွားပြီးစ မိခင်တွေအတွက် နို့ခန်းတာ၊ နို့ကြောင်းပိတ်တာနဲ့ မီးယပ်ချမ်းထတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

သတိထားရန်အနေနဲ့ ဒန့်ဒလွန်ရွက်ကို အလွန်အကျွံ စားသောက်တာဟာ ပျို့ခြင်း၊ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒန့်ဒလွန်ရွက်ကို လည်ပင်းကြီးရောဂါ ဆေးတွေနဲ့ တွဲဖက်မသုံးစွဲရပါ။ ဒန့်ဒလွန်ရွက်ဟာ သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို လျော့ကျစေတဲ့အတွက် ဆီးချို/သွေးတိုးဝေဒနာရှင်များ သွေးဖိအားနဲ့ သွေးတွင်း သကြားပမာဏကို စောင့်ကြည့်တိုင်းတာပေးဖို့ လိုအပ်ပါတယ်။

ဒန့်ဒလွန်ရွက်ကို မြင့်မားတဲ့အပူချိန်မှာ ချက်ပြုတ်တာဟာ ဆေးဘက်ဆိုင်ရာ အာနိသင်တွေကို ‌လျော့ကျစေနိုင်တဲ့အတွက် ဒန့်ဒလွန်ရွက်ကို ပုံမှန်အပူချိန်မှာသာ ချက်ပြုတ်ဖို့ အကြံပြုလိုပါတယ်။

နွေဦးပြည်သူများ အစာလည်းဆေး ဆေးလည်းအစာဖြစ်တဲ့ လက်လှမ်းမီ ဒန့်ဒလွန်ရဲ့ ဆေးဘက်ဆိုင်ရာ အာနိသင်တွေကို နားလည်သိရှိပြီး အကျိုးရှိရှိ ရယူသုံးစွဲနိုင်စေဖို့ ရေးသား ဖော်ပြလိုက်ပါတယ်။

တော်လှန်ရေးခရီးကို ကျန်းမာစွာ အတူတကွဖြတ်သန်းပြီး ပန်းတိုင်မှာ အတူပြန်ဆုံကြဖို့ မျှော်လင့်ပါတယ်။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024