Home
မြန်မာသတင်း
မောင်တောမြို့၊ ကာရာအိုကေဆိုင်တွင် ပစ်ခတ်မှု ဖြစ်ပွား
DVB
·
November 7, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘုတ်ဆိပ်ရှိ ရွှေနယ်စပ် ကာရာအိုကေဆိုင်မှာ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီကျော်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ သောက်စားမူးယစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။

မောင်တောဒေသခံ မျက်မြင် တဦးက “နခခ ၁၀ နယ်ခြားစောင့် ၄ ဦး စျေးလာဝယ်ရင်းနဲ့ ရွှေနယ်စပ် ကာရာအိုကေဆိုင်မှာ သီချင်းဆိုရင်း သောက်စားမူးယစ်ပြီး ပစ္စတိုနဲ့ မိုးပေါ်ကို ၃ ချက် ထောင်ပစ်ပြီး ရမ်းကားတာ။ နောက်ဘက်ကဆိုင်မှာ ကျနော်တို့လည်း ထိုင်နေကြတာ၊ လူကိုသာထိရင် သွားပြီပေါ့ဗျာ” လို့ ​ပြောပါတယ်။

အဲဒီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးခဲ့ကြရာ မောင်တောခရိုင် ရဲမှူးကြီးကိုယ်တိုင် ဦးစီးပြီး မောင်တောမြို့ ဆွမ်အုပ်ခွဆုံအနီး ဆိုင်ကယ်ပြင်ဆိုင်မှာ သူတို့ဆိုင်ကယ်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့က ၄ ဦးလာကြတာ၊ ဒုရဲအုပ်တဦး ပါတယ်။ တပ်သားက ၃ ဦး၊ ကာရာအိုကေဆို၊ သောက်စားကြပြီး ဒုရဲအုပ်နဲ့ တပ်သားတဦးက ဆိုင်ကယ်နဲ့ စျေးဝယ်ထွက်သွားကြတယ်။ နောက် တပ်သား ၂ ဦးက ကျန်နေခဲ့တယ်။ အဲဒီမှာ ဒုရဲအုပ်မှာပါလာတဲ့ အိတ်ကို ထားခဲ့တာ။ ဟိုနှစ်ကောင်က ပိုက်ဆံ ဒီလောက်ကျလား ဘာလားဆိုပြီး သောင်းကျန်းပြီး ဒုရဲအုပ်ပစ္စတိုကို ယူပြီး မိုးပေါ်ကိုပစ်ပြီး ထွက်ပြေးသွားကြတယ်။ ဆိုင်ရှင်က ရဲကို အကြောင်းကြားတော့ သူတို့ ၄ ဦးလုံးကို မောင်တောခရိုင်ရဲမှူးကြီးကိုယ်တိုင် ဦးစီးပြီး လိုက်လံရှာဖွေကြတာ။ ဆိုင်ကယ်ပြင်ဆိုင်မှာ သွားဖမ်းမိကြတာ။”

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးမှာ နခဖ ၁ ကွပ်ကဲမှုအောက်ရှိ နခခ ၁၀၊ ခွဲ ၁ လှုပ်ရှားအဖွဲ့မှ ကျားခေါင်းတောင်မှာ လှုပ်ရှားတာဝန်ဆောင်နေကြတဲ့ လ-၂၃၈၅၉၂ ဒုရဲအုပ် ချမ်းမြေ့သက်ခိုင်၊ လ-၂၉၆ဝ၅၀ ရဲတပ်သား ကျော်ခင်မောင်မောင်၊ လ-၂၉၆၀၉၈ ရဲတပ်သား မောင်မောင်ကျော်၊ လ-၂၉၆၁၅၄ ရဲတပ်သား ရဲရင့်ဖြိုးတို့ဖြစ်ကြပါတယ်။

ရဲအုပ် ချမ်းမြေ့သက်နိုင်က သူကိုင်ဆောင်တဲ့ MA-5 ပစ္စတိုသေနတ်ကို တပ်သား မောင်မောင်ကျော်ထံ ခေတ္တအပ်နှံပြီး တပ်သားရဲရင့်ဖြိုးနဲ့အတူ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ မောင်တောဈေးကို သွားရောက်နေစဥ် ရဲတပ်သား မောင်မောင်ကျော်နဲ့ ရဲတပ်သား ကျော်ခင်မောင်မောင်တို့က စားသောက်အပြီး ငွေရှင်းရာမှာ ဒီလောက်ကျရမလားဆိုပြီး အပြင်ထွက်လာကာ ဒုရဲအုပ် ချမ်းမြေ့သက်နိုင် အပ်ခဲ့တဲ့ MA-5 ပစ္စတိုကို ရဲတပ်သား မောင်မောင်ကျော်က မိုးပေါ်ထောင်ပြီး ၃ ချက်ပစ်ဖောက် ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူတဦးက “နခခ ၁၀ က ရဲမှူးကြီးလက်ထဲ သေနတ်နဲ့ တပ်ဖွဲ့ဝင်တွေကိုပါ လွှဲပေးလိုက်တယ်။ သူတို့မှာတော့ တပ်တွင်း စည်းကမ်းဥပဒေအရ အရေးယူမယ် ထင်ပါတယ်။ မြို့ထဲမှာ ပစ်ဖောက်တာဆိုတော့ မောင်တောရဲမှာ တာဝန်အပြည့်ရှိတယ်လေ။ ချက်ချင်းမရအရ ဖမ်းကြရတာ” လို့ ပြောပါတယ်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို  နခခ ၁၀ ကို ဆက်သွယ်အကြောင်းကြားပြီး ဒုရဲအုပ် ချမ်းမြေ့သက်နိုင် ကိုင်ဆောင်တဲ့ MA-5 ပစ္စတိုတလက်၊ ကျည် သုံးတောင့်၊ ကျည်ခွံ နှစ်ခုတို့နဲ့ အတူ နခခ ၁၀ ရဲမှူးလက်ထဲ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024