Home
ဆောင်းပါး
သစ်‌ပင်ခြောက်စစ်တပ်နဲ့ လိပ်ပြာငယ်‌ကုန်တဲ့ စစ်ဗိုလ်ချုပ်တွေ
DVB
·
November 7, 2023

မြေကြီးက လက်မခံတဲ့သစ်ပင်ဆိုတာ မရှင်သန်နိုင်သလို ပြည်သူလူထုက လက်မခံတဲ့ လက်နက်ကိုင်စစ်တပ် ဆိုတာဟာလည်း မရှင်သန်နိုင်ပါဘူး။ ဒီကနေ့ မြန်မာနိုင်ငံမှာ အများပြည်သူက လက်မခံရုံမကတဲ့ တူးတူးခါးခါးမုန်းတီးခြင်းခံရတဲ့ အာဏာလုစစ်ဓားပြတပ်ဟာ အမြစ်ပုပ်သွားတဲ့ သစ်ခြောက်ပင်ပမာဖြစ်ခဲ့ရသလို ဓားပြဗိုလ်ချုပ်တွေလည်း ဆောက်တည်ရာမရဘဲ လိပ်ပြာငယ်‌ကုန်ပါပြီ။

၁၉၈၈ ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဖြစ်ပွားခဲ့ရာက အာဏာရှင်ထံ သစ္စာခံရင်း ပြည်သူ့ဆန္ဒကိုလျစ်လျုရှုပြီး လူထောင်ပေါင်းများစွာကို ပစ်ခတ်သတ်ဖြတ်ခဲ့စဉ်ကစလို့ အကြမ်းဖက်စစ်ဓားပြတပ်မှာ ပြည်သူလူထုရဲ့ထောက်ခံမှုတွေ စတင် ခန်းခြောက်၊ ယုံကြည်မှုတွေ ခန်းခြောက်သွားခဲ့ရတာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့သယံဇာတတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေကြေးတွေ ခိုးဝှက်လုယက်ပြီး ချမ်းသာကြွယ်ဝကုန်တဲ့ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းဟာ မတင်းတိမ်နိုင်ဘဲ နိုင်ငံတော်ရဲ့အာဏာကိုပါ လက်မလွှတ်ချင်တာမို့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ထပ်မံ အာဏာလုယူခံတာကြောင့် ပြည်သူလူထုက လုံးဝလက်မခံတော့ဘဲ ဝိုင်းဝန်းဆန့်ကျင် အမြစ်ဖြတ်ခြင်းကိုခံခဲ့ရတာကြောင့် အရာရာမှာ ခန်းခြောက်ကုန်တာ ဖြစ်ပါတယ်။

ဓားပြဗိုလ်ချုပ်တွေ အချိန်ကြာလာတာနဲ့အမျှ တစတစ ပိုလို့ကြောက်လန့်လိပ်ပြာငယ်‌လာကြပြီး  အရူးမီးဝိုင်းသလိုဖြစ်လာစေတဲ့ အာဏာလုစစ်ဓားပြတပ်မှာ ခန်းခြောက်ကုန်တာတွေကို ပြုစုလိုက်ရင် အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

၁) ပြည်သူလူထုထောက်ခံမှု ခန်းခြောက်သွားခြင်း

၂) နိုင်ငံတကာထောက်ခံမှု ခန်းခြောက်သွားခြင်း

၂) လူ့စွမ်းအားအရင်းအမြစ် ခန်းခြောက်သွားခြင်း

၃) ဘဏ္ဍာငွေကြေး ခန်းခြောက်သွားခြင်း

၄) စစ်စွမ်းရည် ခန်းခြောက်သွားခြင်း

၅) တွေးခေါ်‌မျှော်မြင်နိုင်စွမ်း ခန်းခြောက်သွားခြင်း

၆) ကိုယ်ကျင်တရားကောင်း ခန်းခြောက်သွားခြင်း

၇) လက်နက်ရိက္ခာဆေးဝါးခမ်းခြောက်သွားခြင်း

၈) အချင်းချင်းယုံကြည်မှု ခန်းခြောက်သွားခြင်း

၉) တပ်တွင်းညီညွတ်မှု ခန်းခြောက်သွားခြင်း

၁၀) ခေါင်းဆောင်အပေါ် ယုံကြည်မှုခန်းခြောက်သွားခြင်း

၁၁) စစ်တပ်ရဲ့ဂုဏ်သိက္ခာ ခန်းခြောက်သွားခြင်း

၁၂) စစ်တပ်ရဲ့ရှင်သန်နိုင်ခွင့် ခန်းခြောက်သွားခြင်း

၁၃) စစ်သား‌တွေမှာသူရသတ္တိ ခန်းခြောက်သွားခြင်း

၁၄)စစ်သားများလူလိုရှင်သန်ခွင့် ခန်းခြောက်သွားခြင်း

စတဲ့ အဲ့ဒီလို အခြေအနေဆိုးအရပ်ရပ်ကြောင့် မကြာခင်ပျက်သုဉ်းရတော့မဲ့ စစ်ဓားပြတပ်ကို နိဂုံးသပ်စေမဲ့အဓိက ခန်းခြောက်မှုတွေထဲက စစ်စွမ်းရည် ခန်းခြောက်သွားခြင်းအကြောင်းကို ဒီဆောင်းပါးမှာ အနည်းငယ်ရေးပြချင်ပါတယ်။

အားလုံးသိတဲ့အတိုင်း ဒီနှစ်ရဲ့ ၁၀ လပိုင်း အောက်တိုဘာလ ၂၇ မှာ စတင်ခဲ့တာမို့ " ၁၀၂၇ စစ်ဆင်ရေး"လို့ အမည်ပေးထားတဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် (Arakan Army) AA ပါဝင်တဲ့ ရှမ်းမြောက်က မဟာမိတ်ညီနောင်သုံးဖွဲ့ဟာ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ခဲ့ကြပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပူးပေါင်းပြီးထုတ်ပြန်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြေညာချက်မှာ အောက်ပါ စစ်ရေးရည်မှန်းချက်၅ ရပ်ပါဝင်ပါတယ်။

 ၁) မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး

၂) အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်အားအဆက်မပြတ်ဒုက္ခပေးနေခြင်းနဲ့ ပြည်သူလူထုတစ်ရပ်လုံးအား အကြမ်းဖက်သတ်ဖြတ်နေမှုများမှ အကာအကွယ်ပေးရေး

၃) မိမိကိုယ်မိမိ ခုခံကာကွယ်ရေး

၄) မိမိတို့ဒေသကို မိမိတို့ ပိုမိုထိန်းချုပ်နိုင်ရေး

၅) အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေးနဲ့ Online Game (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့များကို ဝိုင်းဝန်းဖမ်းဆီးတိုက်ဖျက်နှိမ်နင်းသွားရေး တို့ဖြစ်ကြပါတယ်။

ရက်သတ္တပတ် တစ်ပတ်အတွင်း စစ်ကောင်စီစခန်း ၉၀ ကျော်ကို မဟာမိတ် ညီနောင်သုံးဖွဲ့ လွယ်လင့်တကူသိမ်းယူသွားနိုင်ခဲ့သလို ကရင်အမျိုးသားအစည်းအရုံ (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ချင်းအမျိုးသားတပ်ဦး CNF(Chin National Front)၊ မြန်မာနိုင်ငံတောင်ပိုင်းက တော်လှန်ရေးအင်အားစုတွေဟာ အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ထိထိရောက်ရောက် စစ်ရေးအရထိုးဖောက်ခြိမ်းခြောက်တိုက်ခိုက်လာခဲ့ကြပါပြီ။

မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေနဲ့အတူ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့ ပူးပေါင်းပြီး ကောလင်း၊ ကျွန်းလှ၊ အရာတော်၊ တမူး၊ ကလေးမြို့နယ်နဲ့ မကွေးတိုင်းအစွန်က ဂန့်ဂေါမြို့နယ် စတဲ့ မြို့နယ် ၇ ခုထက်မနည်းမှာ တပြိုင်နက် တိုက်ပွဲဖော်နေပြီး ရဲစခန်း၊ စစ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

စစ်အခွင့်ထူးခံအုပ်စု နိုင်ငံရေး နားမလည်ဘဲ ရူးသွပ်စွာဂုဏ်ယူခဲ့ကြတဲ့  မူလပထမ စစ်အာဏာရှင်ဗိုလ်‌နေဝင်းလက်ထက် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုက်ခဲ့ကြတဲ့ ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကနေ ဒီဇင်ဘာ ၂၈ ရက်အထိကြာခဲ့တဲ့ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲဆိုတာဟာ အခုတော့ မြောင်းထဲရောက်သွားခဲ့ရပါပြီ။ တကယ်တော့ ကွမ်းလုံတိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ဗိုလ်စစ်သားတွေဟာ အဲ့ဒီတုန်းက သူတို့ အသက်စွန့် တိုက်ခဲ့ရတဲ့စစ်ပွဲဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်တယ်လို့ ထင်မှတ်ခဲ့ကြပြီး ဘီလူးစွယ်ကို ဆိုရှယ်လစ် မျက်နှာဖုံးစွပ်ထားတဲ့ စစ်ဘီလူးနေဝင်းနဲ့ စစ်အာဏာရှင်စနစ်ဆိုးအတွက် အသက်ပေးတိုက်ခဲ့ရတဲ့ လူမိုက်တွေဖြစ်ခဲ့ရတာကို မမြင်နိုင် မသိနိုင်ခဲ့ကြဘဲ အလိမ်ညာခံခဲ့ရတာ ဖြစ်ပါတယ်။

အခုချိန်ခါမှာတော့ စစ်ဗိုလ်စစ်သားတွေဟာ သူတို့ကိုယ်ဘယ်လိုပဲ သတင်းအမှောင်ချထားချထား စစ်အာဏာရှင်တွေရဲ့ ဆိုးယုတ်မှု၊ အတ္တကြီးမားစွာနဲ့ တိုင်းပြည်ကိုဖျက်ဆီး၊ ပြည်သူလူထုကို ဒုက္ခပေးနေကြတယ်ဆိုတာ တဖြေးဖြေးသိလာနေကြပါပြီ။ ဒါကြောင့်မို့လို့လည်း စစ်အာဏာရှင်ခေါင်းဆောင်တွေအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး စစ်ဗိုလ်ချုပ်ကြီးတွေကို အကျိုးမဲ့ အချည်းအနှီး အသက်မစွန့်လို၊ ဆက်လက်သစ္စာမခံလို၊ အမှုမထမ်းလိုတာဟာ စစ်ဓားမြတပ်ရဲ့ စစ်စွမ်းရည်၊ တိုက်စွမ်းရည် သုညနီးပါးကျသွားရပြီး တိုက်တိုင်း ရှုံးနိမ့်နေကြတာပဲ ဖြစ်ပါတယ်။

ဒါကို သတိထားမိလာကြတဲ့ အာဏာရူးစစ်ခေါင်းဆောင်တသိုက်ဟာ သူတို့ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုကြီးတွေကို တာဝန်ယူရမယ့် အချိန်နီးကပ်လာတာ၊ သူတို့နေဝင်ချိန်နီးလာတာ၊ စစ်ဗိုလ်အငယ်တွေနဲ့ စစ်သားတွေရဲ့ သေနတ်ပြောင်း သူတို့ဖက်လှည့်လာချိန် နီးလာတာမို့ အကြောက်တရားတွေ သူတို့ကိုယ်စီရင်ထဲကိန်းဝပ်လို့ လိပ်ပြာငယ်နေကြမှာ အသေအချာပါဘဲ။ မြင်သာတာတခုကတော့ ကိုယ့်တပ်ကို မယုံကြည်တော့တဲ့ သမ္မတရူး မအလတယောက် ကျည်ကာအင်္ကျီဖါးရားကြီးဝတ်ပြီး မလွတ်မလပ် သွားလာနေရတာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် ပြည်သူက ခါးခါးသီးသီးမုန်းသွားရင်း ကဏ္ဍပေါင်းစုံမှာ ဝိုင်းဝန်းဆန့်ကျင်ကြတာမို့ အမြစ်အားလုံးအဖြတ်ခံရတဲ့ သစ်ခြောက်ပင်နဲ့သဏ္ဍာန်တူတဲ့ စစ်အာဏာရှင် ခါးပိုက်ဆောင်တပ်ဟာ အထွေထွေ ခန်းခြောက်မှုမျိုးစုံနဲ့ ကြုံတွေ့လို့ ပျက်သုဉ်းကိန်း ဆိုက်နေရပြီဖြစ်ပါတယ်။

ခေါင်းဆောင်ဆိုးလက်‌အောက်မှာ အဓမ္မဘက်က ရပ်တည်မိရင်း မိဘပြည်သူကို သတ်ဖြတ်သစ္စာဖေါက်ခဲ့တာမို့ ပြည်သူလူထုရဲ့ စွန့်ပစ်မှုခံခဲ့ရတာကြောင့် လက်နက်ကိုင် စစ်တပ်တပ်အတွက် အသက်ဝိညာဉ်နဲ့တူတဲ့ ရဲစွမ်းသတ္တိတွေပျောက်ဆုံးလို့ စစ်ရေးစွမ်းရည် ခန်းခြောက်ခဲ့ကြတာဖြစ်ပါတယ်။

ဟိုးတချိန်က "ငါမသေ ငါ့စခန်းမကျစေရ" ဆိုတဲ့ စိတ်ဓာတ်တွေဟာ အခုတော့ ကတုတ်ကျင်းမြောင်းထဲပစ်ထားပြီး လွယ်လင့်တကူလက်နက်ချ ထွက်ပြေးအညံ့ခံနေကြတာမို့ သူတို့မသေရတိုင်း အောက်လက်ငယ်သားတွေကို စတေးနေကြတဲ့  အာဏာရူး၊ ဥစ္စာရူးစစ်ဗိုလ်ချုပ်ကြီးတွေ မျက်ကလူးဆန်ပြာဖြစ်လို့ လိပ်ပြာငယ်‌ကုန်ကြပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024