Home
မြန်မာသတင်း
မြိုင်၊ ပခုက္ကူ၊ ခင်ဦးနှင့် မြောင်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
November 6, 2023

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရဲစခန်းနဲ့ ထွေအုပ်ရုံးတိုက်ပွဲမှာ ရဲ ၉ ယောက်နဲ့ စစ်သား ၂ ယောက် သေဆုံးခဲ့ပြီး ခင်ဦး-ရေဦး ကားလမ်းဘေး၊ မူးတိမ်ချောင်းဝန်းကျင်က စစ်ကောင်စီတပ်သား ၄၀ လောက်ဟာ စခန်းကို စွန့်ခွာသွားပါတယ်။

မြောင်မြို့ရဲစခန်းနဲ့ ထွေအုပ်ရုံးကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၉ ယောက်နဲ့ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး CDSOM တာဝန်ရှိသူက ပြောပါတယ်။

မြောင်နယ် Local PDF တွေနဲ့ မြင်းမူ၊ မြင်းခြံခရိုင်တပ်ရင်းအဖွဲ့ ၂၀ ကျော်က ပူးပေါင်းပြီး အချိန် ၅ နာရီကျော်ကြာခဲ့တဲ့ တိုက်ပွဲမှာ ရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး ရဲအချုပ်ထဲမှာ ဖမ်းဆီးခံထားရသူတချို့ကို လွှတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CDSOM တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုနွေဦးက “မြစ်ကြောင်းဘက်က စက်လှေတွေ တက်လာပြီး တောက်လျှောက်ပစ်ကူပြီးတော့ အင်အားတွေလည်း ဖြန့်တက်လာတယ်။ ကျနော်တို့ ပြီးလုဆဲဆဲ ကုန်းဘက် မြင်းမူဘက်ကလည်း စစ်ကူထပ်လာတယ်။ နှစ်ဖက် ညှပ်ခံရတဲ့ အနေအထားမျိုးလည်း ကြုံလာနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ပြန်ပြီးတော့ ဆုတ်လိုက်ရတာပေါ့” လို့ ပြောပါတယ်။

ခင်ဦး-ရေဦး ကားလမ်းဘေး၊ မူးတိမ်ချောင်းဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကတော့ နိုဝင်ဘာ ၄ ရက် ည ၇ နာရီလောက်မှာ စခန်းကိုစွန့်ခွာပြီး ကားအကြီး ၂ စီးနဲ့ ရေဦးခရိုင်ရုံးကို သွားရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ကျန်ခဲ့တဲ့ အထိုင်တပ်စခန်းကို နယ်မြေရှင်းလင်းရာမှာ ၆၀ မမ တလုံး၊ စကစ ယူနီဖောင်းအင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်နဲ့ မိုးကာအင်္ကျီ၊ ဘန်ကာ ၁၅ လုံး၊ လူနေအဆောင် ၈ လုံးကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ ခင်ဦးမြို့ပေါ် ရဲစခန်း၊ ဆေးရုံနဲ့ မင်းသိုက်တိုက် တို့မှာ စစ်ကောင်စီတွေ တပ်စွဲထားပြီး မကျီးတုံ၊ မဒေါင်းလှ၊ ပျဉ်ထောင်၊ ရွာသစ်ကုန်း၊ မူးတိမ်ချောင်း စတဲ့ ၅ နေရာမှာလည်း ပျူစောထီးတွေနဲ့ အထိုင်ချ တပ်စွဲထားတယ်လို့ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်က ခင်ဦးမြို့နယ်၊ မကျီးတုံ ပျူတပ်စွဲရွာကို ရွှေဘိုခရိုင်တပ်ရင်း ၃၊ မြို့နယ်ပကဖ၊ ပလဖတို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး BA 64 တလက်၊ ကာဘိုင် ၄ လက်၊ ဂျောက်ဂျက်တွဲဘော ၂ လက်အပြင် တခြားပစ္စည်တွေကို သိမ်းဆည်းရမိပြီး ဘန်ကာတွေ ကင်းတဲတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ရှမ်းမြောက်မှာ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ အညာမြေပြန့်မှာလည်း ဂျိုးဖြူစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေ၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်အနောက်က ဌာနဆိုင်ရာရုံးတွေ၊ အမက ၂ နဲ့ မြိုင်-မန္တလေးဂိတ်တို့ကို ဒရုန်းနဲ့ အီနာဂါ Drop ဗုံး အလုံး ၁၀၀ ဖြုတ်ချ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုတက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနေရာတွေကို နိုဝင်ဘာ ၂ ရက်နေ့မှာ မောင်းသူမဲ့ လေယာဥ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိနာသွားကာ လက်နက်ကြီး ကောင်တာ ၇ လုံး ပြန်ပစ်ပြီး မြိုင်-မန္တလေး ကားဂိတ်အရှေ့ဘက်ကို အင်အား ၄၀ လောက်နဲ့ တက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး မြို့ထဲကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၃ ရက်ကလည်း ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပျူစောထီးတယောက် ဒဏ်ရာရှိခဲ့ကာ နိုဝင်ဘာ ၄ ရက်မှာလည်း ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့ကာ နာရေးကားနဲ့ မြိုင်ဆေးရုံကို သယ်သွားကြတယ်လို့ ပြောပါတယ်။

အဲဒီ ဂျိုးဖြူစစ်ဆင်ရေးကို မြိုင် UAV Fighter၊ MPL-တိုက်နယ် ၄ ပကဖ၊ မြိုင်ပကဖ တပ်ရင်း-၂ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ Earthquake PDF နဲ့ ဗိုလ်မြွေဆိုးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကာ မောင်းသူမဲ့လေယာဥ် ၂ စီး Error ဖြစ်ပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် (ပျူ‌‌စောထီး) ကျေးရွာကို နိုဝင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီကျော်က ပခုက္ကူခရိုင် တပ်ရင်း-၁၃ နဲ့ ပခုက္ကူ ပကဖ တပ်ခွဲ-၁ တို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြရာ ပျူစောထီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၃ ဆီက သိရပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း-၁၃ တပ်ရေးဗိုလ် မိုးကြီးက “ကျနော်တို့ ပျူရွာထဲထိ ဝင်ရောက် တိုက်ခိုက်တာပါ။ ဂိတ်က ပြန်လည်ပစ်ခတ်မှုတွေရှိတဲ့အပြင် ပျူခေါင်းဆောင်တဦးကိုလည်း လိုက်လံရှင်းလင်းနိုင်ခဲ့ပါတယ်။ ပျူတဦးအိမ်ကို သွားရောက်တိုက်ခိုက်တာပါ။ ကျနော် သတင်းစောင့် ထောက်လှမ်းမှုတွေ ပြုလုပ်ပြီး ပကဖ တပ်ခွဲ-၁ နဲ့ တွဲ တိုက်ခိုက်တာပါ။ လက်နက်ငယ်၊ ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူဘက်က ၃ ဦးသေ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိပါဘူး။ ထိတွေ့တိုက်ပွဲဖြစ်ချိန် မိနစ် ၂၀ ခန့် ကြာပါတယ်။ ပျူစောထီးတဦးရဲ့ Short Gun တလက် သိမ်းဆည်းရခဲ့ပါတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေ ဒီထက်ပိုလုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ပေးကြဖို့၊ ပြည်သူတွေလည်း အဘက်ဘက်က ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ တပ်ရေးဗိုလ် မိုးကြီးက တိုက်တွန်းလိုက်ပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024