Home
မြန်မာသတင်း
မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပတွင် လဲကျသေဆုံးနေသည့် အမျိုးသား ၂ ဦးအလောင်း တွေ့ရှိ
DVB
·
November 6, 2023

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်က လမ်းဘေး လဲကျသေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း ၂ ခု တွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံ‌ရှေ့ ဝင်ပေါက်အနီးမှာ လဲကျသေဆုံးနေတဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၆ ရက် မနက် ၆ နာရီခွဲလောက်က တွေ့ရှိခဲ့တယ်လို့ ကျောက်ရေတွင်း လူမှုကူညီရေးအသင်းက ပြောပါတယ်။

သေဆုံးသူဟာ အသက် ‌၂၀ ဝန်းကျင်ရှိ အမျိုးသားတဦးဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ နေထိုင်တဲ့အိမ်က ထွက်ခွာသွားရာက သေဆုံးလျက်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူနဲ့အတူ စာအုပ် ၃ အုပ်၊ ကားလက်မှတ်တစောင် တွေ့ရှိရပြီး မကွေးတိုင်း၊ ဆိပ်ဖြူကနေ လာရောက်အလုပ်လုပ်ကိုင်ကာ အဆောင်လာနေထိုင်သူ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ကျောက်ရေတွင်း လူမှုကူညီရေးအသင်းဝင်တဦးက “အဲ့နားက ဖုန်းဆက်ပြောတာပါ။ အသင်းက မနက် ၇ နာရီလောက်မှာ ရောက်တာ။ သေဆုံးသူက မကွေး ဆိပ်ဖြူက။ သူငယ်ချင်းတွေနဲ့ မြောက်ဥက္ကလာမှာ နေတာ။ သူ့သူငယ်ချင်း‌တွေ ပြောတာတော့ အလုပ်ကနေ မနေ့ကတည်းက ထွက်သွားတာ၊ ပြန်မလာတာလို့ ပြောတယ်” လို့ ဆိုပါတယ်။

ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးကို အရပ်ဘက်အသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၅ ရက် ညနေပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ယာဝင်းရှိ လမ်းမဘေးမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ပြီး ပုလဲ အရန်မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက “အမျိုးသားတဦးက အဲ့ဒီနားမှာ နေ့ခင်းလောက်ကတည်းက လဲနေတာလို့ ပတ်ဝန်းကျင်ကပြောတယ်။ တုံးလုံးကြီးလဲပြီး အိပ်နေတာ။ ညနေလည်းကျရော မလှုပ်တော့လို့ သွားကြည့်တာ အသက်မရှိတော့ဘူးလို့ သိရတယ်။ မိသားစုဝင်က အခုထိ ဆက်သွယ်လာတာတော့ မရှိသေးဘူး။ အင်းစိန်ဆေးရုံမှာ အလောင်းအပ်နှံထားပါတယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ ကျောပြင်နဲ့ လက်မောင်းမှာ နဂါးပုံတက်တူးတွေ ထိုးထားတဲ့ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတဦးဖြစ်ပြီး ပြင်ပ‌ဒဏ်ရာ မတွေ့ရှိသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရှိသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024