Home
မြန်မာသတင်း
ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များသိမ်းပိုက်၊ စစ်ကောင်စီတပ်များ အလံဖြူထောင်ပြီး အညံ့ခံ
DVB
·
November 6, 2023

စစ်ကိုင်းတိုင်းက ခရိုင်မြို့ကြီးတမြို့ဖြစ်တဲ့ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက အလံဖြူထောင်ပြီး အညံ့ခံခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီကနေ သိရပါတယ်။

ကောလင်းခရိုင်၊ ကောလင်းမြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ပြီး ခရိုင်အဆင့်မြို့ကို NUG၊ PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကာ လက်နက်ခဲယမ်း အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့ကို သိမ်းယူနိုင်ဖို့ နိုဝင်ဘာ ၃ ရက်က စတင်တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး အချိန် ၄ ရက်ကြာချိန်မှာ နောက်ဆုံးလက်ကျန် အထက ၁ ကျောင်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်သားတွေက ၅ ယောက်တဖွဲ့ အလံဖြူထောင်ပြီး အညံ့ခံခဲ့ကြတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွေးက ဒီဗွီဘီကို ပြောပါတယ်။

၄ ရက်ကြာတိုက်ပွဲမှာ ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်ဆင့် တိုက်ခိုက်သိမ်းယူခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမြင့်ထွေးက “ကျနော်တို့ ၄ ရက်ကြာ တိုက်ပွဲလုပ်ကြတယ်။ လုပ်ရင်းနဲ့ပဲ တခြားသော စခန်းငယ်တွေ သိမ်းတယ်။ အခုနောက်ဆုံးကတော့ အခြေချထားတဲ့ အထက ၁ မှာ ဒီနေ့မနက်မှာ အပြီးအပိုင် သိမ်းနိုင်လိုက်တယ်လို့ သတင်းရတာပေါ့ဗျာ။ အောင်ပွဲသတင်းကို မျှဝေသုံးစွဲတာက ကောင်းမွန်တဲ့ လက္ခဏာတရပ်ပဲ။ တချို့ကိစ္စကတော့ မပြီးပြတ်တာတွေကို ပြီးပြတ်အောင် ဆောင်ရွက်နေကြတယ်ဆိုတဲ့ အခြေအနေဆိုတော့ ကျနော်တို့ ဒီလောက်ပဲပြောတာ သင့်မယ်ထင်ပါတယ်။ ဒီနေ့ ကျနော်ကြားသိရတဲ့ သတင်းအရ လက်နက်ချပြီး အလင်းဝင်တယ်၊ အလံဖြူထောင်ပြီးမှ အညံ့ခံလိုက်တာဖြစ်တဲ့အတွက် ကြားရတာလည်း ကောင်းသလို သူတို့အတွက်လည်း ကောင်းမွန်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ MOD အောက်မှာ COC အောက်မှာ ရှိနေတဲ့ အဖွဲ့တွေကတော့ စစ်ပွဲမှာ စစ်သုံ့ပန်းအခွင့်အရေးတွေကို သူတို့ ကောင်းမွန်စွာ ဆောင်ရွက်နိုင်မယ်၊ ထိန်းကျောင်းနိုင်မယ်လို့ ယုံကြည်တဲ့အတွက်လည်း သူတို့အတွက်လည်း ကောင်းမယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

၄ ရက်ကြာတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

နိုဝင်ဘာ ၅ ရက် ညနေပိုင်းအထိ စာရင်းတွေအရ လက်နက်မျိုးစုံ ၅၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဦးမြင့်ထွေးက “ဒီနေ့ နောက်ဆုံးကြားသိရတဲ့ အခြေအနေကတော့ အားလုံး ရှင်းလင်းရေး ဆောင်ရွက်နေပြီ။ မကြာခင်မှာ ပကဖ သို့မဟုတ် MOD ဘက်ကတော့ ကောင်းစွာ ထုတ်ပြန်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ သူတို့လုပ်နေပြီပေါ့။ မြို့သိမ်းတိုက်ပွဲဆိုတော့ စစ်ကျန်ပစ္စည်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဒါတွေ အားလုံးကတော့ အင်တိုက်အားတိုက် ရှင်းလင်းနေကြပြီလို့ ကြားသိရပါတယ်” လို့ ပြောပါတယ်။

ကောလင်းမြို့မှာ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ရှောင်ပြည်သူဦးရေ ၅,၀၀၀ ကျော်လောက် ရှိလာတယ်လို့ သိရကာ မြို့ထဲ ရပ်ကွက်တချို့မှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ပေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းဒေသခံတဦးက “ဒီနေ့တော့ နည်းနည်းငြိမ်နေတယ်။ အရင်ရက်တွေက လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးတွေလာကြဲတာ ၂၀ ကြိမ်လောက်ရှိတယ်။ ထွေအုပ်ရုံးမှာ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီဝင်တွေက မဲမဲမြင်ရာ ရမ်းသန်းပစ်ခတ်တဲ့အတွက် အိပ်မက်နန်းတော်ရှေ့ လမ်းပေါ်မှာ ပြည်သူနှစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ရကာ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင် ၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး တခါတလေ ၅ မိနစ် ၁၀ မိနစ်လောက်သာ ပွင့်တယ်လို့ သိရပါတယ်။

ဝန်းသိုဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဟောင်ဝစ်ဇာနဲ့ ၉ ချက်လောက် လှမ်းပစ်ခဲ့ပြီး ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာရောက်ပစ်ခတ်တာကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးသွားကာ အထက ၂ နားက ဆေးလိပ်ခုံနဲ့ အနီးတဝိုက် အိမ်တချို့လည်း မီးလောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရဲစခန်းနဲ့ မြို့ဝင်မြို့ထွက်၊ မြို့ထဲနေရာ တော်တော်များများ ထိန်းချုပ်ထားနိုင်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

နိုဝင်ဘာ ၄ ရက်က လေသာကျောင်းတိုက်နဲ့ ရေကျော်မြောက်ကျောင်းကိုလည်း လက်နက်ကြီးထိမှန်ခဲ့ပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီဝင်တွေ၊ ရဲတွေလည်း သေဆုံးမှုရှိတယ်လို့ သိရပေမဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။

ကောလင်းမြို့ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ဒေသ အမှတ် ၁ မှာ ပါဝင်တဲ့မြို့ဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အလိုက် စစ်ဒေသအသီးသီးက PDF တွေကိုလည်း ပြင်ဆင်မှုတွေ အပြင်းအထန်ပြုလုပ်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ မြေပြင် PDF ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ ကနီမြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့အခြေစိုက်တဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို စွန့်ခွာပြီး ခြေရာဖျောက်ခဲ့တာကြောင့် မြို့ကိုမသိမ်းနိုင်ခဲ့ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ကနီနယ်ခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

ဗိုလ်နုတ်ခမ်းမွှေးနှင့် ရဲဘော်များအဖွဲ့ (ကနီ) ရဲ့ ခေါင်းဆောင် ဗိုလ်နုတ်ခမ်းမွှေးက “ဒီနေ့ ၄ နာရီခွဲလောက်ဖြစ်တဲ့ တိုက်ပွဲက ကနီမြို့ပေါ်က ပြည်သူတွေအိမ်တွေတော့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်။ ကျနော်တို့ ဝင်ပစ်တာတော့ကြာတယ်။ ဒါပေမဲ့ နေရာအတိအကျ မသိတဲ့အခါကြတော့ ကျနော်တို့ သိမ်းနိုင်မှုတော့ မရှိဘူးပေါ့ဗျာ။ ကျနော်တို့ နောက်တခါလည်း ဒီအဖွဲ့တွေက သတင်းအတိအကျယူပြီးတော့ စခန်းကို ဆက်လက်ပြီးတော့ မရ ရအောင်သိမ်းဖို့ အစီအစဉ်တော့ ရှိပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စတင်ခဲ့တဲ့ ထိုးစစ်ဟာ အချိန် တပတ်ကျော်အတွင်း ထိရောက်အောင်မြင်မှုတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က စခန်း ၁၀၀ ကျော် လက်လွှတ်ခဲ့ရတာပါ။

အဲ့ဒီနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် နယ်စပ်နဲ့ ရှမ်းပြည်နယ် နယ်စပ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ရေးအရှိန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ/CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024