အစ္စရေးက ဟားမတ်စ်တပ်ဖွဲ့တွေကို အပြင်းအထန် ထိုးနှက်ခဲ့ပြီး ဟားမတ်စ်ဆက်သွယ်ရေး အချက်အချာကျတဲ့ နေရာတွေ၊ ဘန်ကာတွေ၊ ဥမင်လိုဏ်ခေါင်းတွေ အပါအဝင် အရေးကြီးတဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအဗ် ဂေါလန့်က တဲလ်အဗစ်မြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတရပ်မှာ နိုဝင်ဘာ ၄ ရက်က ပြောလိုက်ပါတယ်။
အစ္စရေးက ဟားမတ်စ်တပ်မှူး ၁၂ ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်သွေးကြွတွေကို ဆက်တိုက် လိုက်ရှာသွားမယ်လို့ ဂေါလန့်က ပြောပါတယ်။
“အမိန့်ပေးတဲ့ ကွင်းဆက် အဆင့်ဆင့်က လူတွေကနေ မြေပြင်က အကြမ်းဖက်သမားတွေအထိ လူတိုင်းဆီကို ကျွန်တော်တို့ ရောက်မှာပါ” လို့လည်း သူက ဆက်ပြောပါတယ်။
ပါလက်စတိုင်း နိုင်ငံရေးသမားနဲ့ ဟားမတ်စ် ခေါင်းဆောင်ကို ရည်ညွှန်းရင်း "ယီယယ် ဆင်ဟွာ ဆီကို အရောက်သွားပြီး သူ့ကို လုပ်ကြံမယ်"လို့လည်း ပြောပါတယ်။
ဟားမတ်စ်နဲ့ စစ်ဖြစ်နေတဲ့ ဒေသတွေက အရပ်သားတွေကို တောင်ဘက်ရွှေ့ဖို့ တိုက်တွန်းရင်း တောင်ဘက်ကို အရင်ရောက်ရင် စစ်ပွဲအချိန် တိုမယ် လို့လည်း သူက ပြောပါတယ်။
ဟားမတ်စ်နဲ့ စစ်ပွဲအတွင်း အာရုံစိုက်ထားတဲ့ ဒေသတွေကနေ တောင်ပိုင်းဆီကို အရပ်သားတွေ ဘေးကင်းကင်း ကယ်ထုတ်ရေး သုံးပတ်ကြာ ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ စနေနေ့မှာ ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြှောင်ရဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ သွားလာနိုင်မယ်လို့ အစ္စရေး စစ်တပ်က ပြောခဲ့ပါတယ်။
အစ္စရေးဝန်ကြီးက ဂါဇာကမ်းမြောင်ဆီ လောင်စာဆီ ပို့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အစ္စရေး မြောက်ဘက်က စစ်ရေးလှုပ်ရှားမှု တိုးလာတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အစ္စရေးက ဟစ်ဇ်ဘိုလာနဲ့ စစ်ဖြစ်ဖို့ စိတ်မဝင်စားဘူးလို့ ပြောခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာက အစ္စရေးကို လက်ဘနွန်စစ်ပွဲဆီ ဆွဲခေါ်ခဲ့မယ်ဆိုရင်တော့ လက်ဘနွန်ရဲ့ ကံတရားကို ဖျက်ဆီးပစ်မယ်လို့ ဂေါလန့်ထ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters