Home
ဆောင်းပါး
အလှူ့ရှင် ကြင်စိုး (သရော်စာ)
DVB
·
November 5, 2023

အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံးတို့နှင့်အတူ ရွာ့တောင်ပိုင်းကို ရောက်၏။ စိမ်းသရဖူစိမ်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်တို့အိမ်က ဆွမ်းကျွေးကို ဖြစ်၏။ စိမ်းဆိုမှစိမ်း တောင်ကျောင်းဆရာတော် ဦးအစိမ်းတက တရားချီးမြှင့်၏။ ဆရာတော်က အလှူဒါနနှင့် ပတ်သက်သောတရား၊ ခန္တီစ သည်းခံခြင်းနှင့် ဆက်နွှယ်သော တရားတို့ကို ဟောကြားချီးမြှင့်ပါ၏။

တရားအပြီးမှာ ဆွမ်းကပ်ကြပါ၏။ ဆရာတော်နှစ်သက်တော်မူလှသည့် အဆီတထပ် အသားတစ်ထပ် အခေါက်တစ်ထပ်ဖြစ်သော ဝက်သားသုံးထပ်သား ' ထပ်သရီး ' ကို ' အိ ' နေအောင်ချက်ထားလေရာ စားဖိုမှူးကြီး အဘစောမူးသာ၏ စပယ်ရှယ်လက်ရာပါ ခင်ဗျ။

"ဟောဒါကတော့ စစ်ပြန်ကြီးလုံးတုံးရဲ့ စပယ်ရှယ် ' ချဉ်ရည်ဟင်း ' ပါ ကိုယ်တော် "

" ချဉ်ပေါင်ရယ် မျှစ်ရယ် ကျောက်ဖရုံသီးရယ်ကို ငါးပိလေးနဲ့ ရောသမမွှေပြီး စပယ်ရှယ်ချက်ထား

ပြီး ဘေးမှာ မိုးမျှော်ငြုတ်သီးကို ကြက်သွန်နီရယ် ဆားရယ်နဲ့ စပယ်ရှယ်ထောင်းထားတာ။"

"ဒီဘက်ကတော့ စိမ်းမောင်ရဲ့ စပယ်ရှယ်ရွှေဖရုံသီးအကျေနှပ်ပါ ကိုယ်တော် "

" အိမ်း . . . နင်တို့ဟာတွေကလည်း ' စပယ်ရှယ်တွေချည်း ' ပါလား ဟကောင်တွေရ "

" ဆရာတော့်တရားကလည်း အလှူဒါနစပယ်ရှယ်နဲ့ သည်းခံခြင်းခန္တီစ စပယ်ရှယ်တွေချည်း

ပဲကိုး ဘုရာ့၊ လိုက်ဖက်လှပါပေတယ်။"

ဆရာတော်က မြိန်ယှက်စွာ အားရပါးရ ဘုန်းပေးတော်မူနေရာ အဘစိမ်းမောင်တို့မိသားစု၏ မျက်နှာတွေမှာ ကျေနပ်ပီတိတွေကို မြင်ကြရပါပေ၏။ ဆရာတော်ကား အတော့်ကို ဘုန်းပေးနိုင်ကာ သုံးပန်းကန်မြောက် မောက်မောက်ကုန်မှ လက်စသတ်တော်မူပါ၏။

အဘစိမ်းမောင်၏သားကြီး ' လေမောင် ' ကဘလူးတုနှင့် သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးဖွင့် ထားတာ ကြားရပါ၏။ မေဆွိတို့အမေ အန်တီ မြင့်မြင့်ခင်၏ နာမည်ကျော်တေးတစ်ပုဒ်ဖြစ်လေရာ အချိန်အခါနှင့် လိုက်ဖက်လှပါပေတော့၏။

" ဒို့များဟာ မဝေးသောကာလ ကျေးတောရွာက သာလှတို့များ . . . အသားရယ် ဖြူ ပြန်သတော့ . . . လူဟန်က သနားကမားနဲ့ ယဉ်သပေါ့ . . . ကျော့ကာပဲ ရပ်ထဲ ရွာထဲ . . . အလှူပွဲကျင်းပ ဒင်းက ပါစမြဲ . . . . ။"

" ဟေ့ကောင် လေမောင် . . အသံလေး တင်လိုက်ပါဦးဟ "

" ဟုတ်ကဲ့ အဘ စောမူးသာ "

" ကြက်ဆီပြန် . . ဝက်သနီလန် . . မအီအောင် ချဉ်ပေါင်ခံ . . . သွားဖုံးမြုပ်မှတန် . . ကုန်းတုတ်ကြရန် . . . ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍာန် . . . ( နိပ်ဟ )

(ထမင်းရည်ချောင်းစီး ပေါင်းပြီးသွန်ရန် . . .ပြည်ဝင်ကြေးအိုး မီးထိုးပါမြန်မြန်)၂ . . . . "

အဘစိမ်းမောင်က " ဟဲ့ကောင် တိုးတိုး " ဟုပြောရာ တောင်ကျောင်းကိုယ်တော်က " ရပါ တယ်ကွ " ဟု မိန့်တော်မူပါ၏။

အဘလုံးတုံးက " နစ္စ ၊ ဂီတ . . " ဟု မကြားတကြား ရွတ်နေပါလေရာ ဆရာတော်က မကြားလေဟန်ပြုပြီး မုန့်ဆီကြော်ကြီးတစ်ချပ်ကို ခွတွင်းထဲသို့သွတ်သွင်းရင်း ဝါးတော်မူခြင်းအလုပ်ကိုဆောင်ရွက်တော်မူနေပါလေ၏ ခင်ဗျာ။

" ဟဲ့ ဟဲ့ . . . ဖျာစမယ် ပေကြံ . . . . . . "

(ခ)

အချိုပွဲကို ဆင်နွှဲနေချိန်မှာ ငယ်သူငယ်ချင်းသူ့ဒကာတွေက ဘေးပတ်ပတ်လည်မှ ဝိုင်းကာ ယပ်ခပ်ပေးနေကြပါ၏။ ပြီးတော့ ဒီနေ့အလှူ ဒါနတို့ သည်းခံခြင်း တရားတို့နှင့် ဆက်နွှယ်ပြီး ဆွေးနွေးနေကြပြန်ပါ၏။ အဘစောမူးသာနှင့် အဘလုံးတုံးတို့၏ မျက်လုံးများထဲတွင် ' အဓိပ္ပါယ်တစ်ခုခု ' ပါနေတာကို မြင်တွေ့ရလေရာ ဖေကြီးမှာ ရင်ထိတ်စွာဖြင့် စောင့်မျှော်နေရပါလေ၏။

ဖေကြီးမှန်းဆချက် သွေးထွက်အောင် မှန်ပါလေ၏ ခင်ဗျာ။ အဘစောမူးသာက ဤ သို့ စကားစလာပါလေ၏။

"အလှူ ဒါနနဲ့ပတ်သက်ရင် လက်မနှေးပဲ ရက်ရက်ရောရောရှိလှတဲ့နေရာမှာ မင်းတို့စကစဥက္ကဋ္ဌကြီးကတော့ စပယ်ရှယ် စံပြပုဂ္ဂိုလ်ပဲ စိမ်းမောင်ရ "

" အေးလေကွာ . . ဘုရားတည် ကျောင်းဆောက် လှူဒါန်းတဲ့နေရာမှာ တကယ့်ကို လက်မနှေးတဲ့ ဗိုလ်ချုပ်မှူးကြီးကွ"

" ဟုတ်တယ် စိမ်းမောင်ရ . . . မင်းတို့အဘက အခုဆိုလည်း နိုင်ငံ့နေရာအနှံ့မှာ နေ့စဉ်လှူ ဒါန်းနေတာ မြင်နေကြရတာပဲလေ "

" ဟေ . . ဘာတွေ လှူနေပြန်ပြီလဲ လုံးတုံးရ၊ ' မြဝတီ ' မှာတော့ သတင်း မပါပါလားဟ"

" စိမ်းမောင်ကလည်းကွာ . . လိုင်းပေါ်ကသတင်းမှန်တွေမှာ နေ့စဉ် ပါနေတဲ့ဟာကို "

" ဘာတွေ လှူ နေတာလဲဟ "

" ဘာတွေဖြစ်ရမလဲဟ . . လက်နက်ငယ်တွေ၊ ကျည်ဆန်တွေ၊ လက်ပစ်ဗုံးတွေ၊ အမြောက်တွေ

ကအစ သံချပ်ကာကားတွေအထိ PDF တွေကိုနေ့စဉ်လှူ နေတာ မင်းမမြင်ဘူးလား "

" ဝါး . . . ဟား ဟား ဟား ဟား ဟား ဟား "

အဘစိမ်းမောင် ကြောင်တက်တက်ဖြစ်သွားသလို စိမ်းသရဖူစိမ်းကိုယ်တော်လည်း တုန်ကနဲဖြစ်ပြီး ဖင်တကြွကြွ ဖြစ်နေတာကို မြင်ကြရပါသဗျ။ အဘစောမူးသာက စကားကို အပြတ်မခံဘဲ ရအောင်ဆက်ပါ၏။

" ' သည်းခံခြင်းတရား ' မှာလည်း မင်းတို့အဘ ထိပ်ကပဲလေကွာ "

" အဲ . . . ဘယ်လို "

" သူတို့စခန်းတွေ ခုဂဏန်းကနေ ဆယ်ဂဏန်း၊ ဆယ်ဂဏန်းကနေ ရာဂဏန်းရောက်တဲ့အထိ အလှူ တွေ ဆက်တိုက်ပေးနေရင်း

" ကျုပ်တို့ သည်းခံနေတယ်နော် " ချည်းပြောပြောနေတာ မင်းတို့အမြင်ပဲမဟုတ်လား "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

"ကဲကဲ . . . သိမ်းမောင်ရေ . . . ငါလည်းကျောင်းကို ပြန်ကြွဦးမှဟေ့"

" တင်ပါ့ဘုရား . . . တပည့်တော် ပြန်လိုက်ပို့ပေးပါ့မယ်"

အဘစိမ်းမောင်ကလည်း အခွင့်အရေးရတုန်း စကားဝိုင်းကို ရှောင်ခွာပြေးရန် အကြံနှင့်ဖြစ်လေရာ သူငယ်ချင်းအဘတွေကလည်း ' ဘာရမလဲ သာဝရာ ' ပုံစံဖြင့် ဆွဲထားကြပြီး သူ့သားကြီး ' လေမောင် ' ကို လိုက်ပို့စေပါ၏။

"အရှင်ဘုရားကလည်း တပည့်တော်တို့ကအလှူဒါနတို့ သည်းခံခြင်းတရားတို့နဲ့ပတ်သက် တာတွေကို ဆက်ပြီး ဆွေးနွေးနေတဲ့ဟာကို"

ဆရာတော်ကား ဣန္ဒြေသိက္ခာကို မနည်းကြီး ဆယ်တော်မူနေရကာ သူ၏ ' အစိမ်းရောင် ကျောင်းတော်' ဆီသို့ ခြေဖဝါးမြေမထိ  ‘အိုးဝေ’ ကားလေးနှင့် ပြန်ကြွသွားတော်မူပါ၏။ အဘစိမ်းမောင်ကား ရေခမ်းငါးငယ်လို ကူသူမဲ့ကာ မျက်စိသူငယ်နှင့် ကျန်ခဲ့ပါလေပြီတည်း။

လေမောင်၏ ဖုန်းကို အငယ်ကောင်ကယူကာ ကလိနေပြီးသကာလ များမကြာမီ သီချင်းသံ ထွက်ပေါ်လာပြန်ပါလေ၏။

" ဟဲ့ သာ လှ . . . ဗျ . . . ဗျာ . . . ဗျ ၊ 

ကပါဟ သာလှ . . . ကမှာပါ့ ဗျာဗျ . . .

ပါးတစ်ဖက်တစ်ချက် ပါးကွက်ကိုနှံ

မျက်နှာထား သနပ်ခါး ခံ ဟု တ် ပ . . .

အသားညက်ညက် မပျက်စိုရန်

တစ်သက်တာသွား မှတ်သားရန်

အ ဟု တ် လှ . . .

နားထက်ကဗွေမှာ သူပန်းပန်

နပန်းဆံ . . . နပန်းဆံ . . .

နထင်ဘေးက တန်းချပြန်

လှမ်းကတဲ့ဟန် . . . . . "

(ဂ)

သီချင်းသံကို မျက်စိမှိတ်က အာရုံစိုက်၍နားဆင်နေသည့် အဘစောမူးသာ၏မျက်နှာမှာ ပြုံးစိစိပါ ခင်ဗျ။ " ဒီသီချင်းကို ငါလည်း ငယ်ငယ်ကတည်းကကြိုက်တာ " ဟု ဆိုကာ ဆက်၍သောတဆင်နေပါလေ၏။

" ငါလည်းကြိုက်ပါတယ် မူးသာရ "

" ကြိုက်ရမှာပေါ့ စိမ်းမောင်ရ . . တကယ့်ကို အရသာရှိတဲ့သီချင်းကိုး "

သီချင်းဆုံးသွားတော့ အဘစောမူးသာက

" ငါလည်း ဒီရက်ထဲမှာပဲ အဲသည် ' နပန်းဆံ ' သံစဉ်အလိုက်လေးနဲ့ စာသားသွတ်ပြီး ' ကော်ပီ ' တစ်ပုဒ်ရေးထားမိသေးသကွ လုံးတုံးရ "

" ဟေ . . . အဟုတ်လားဟ မူးသာရ၊ ဆိုပြပါအုံးဟာ . . နားဆင်ခံစားရအောင်လို့ "

" လုပ်ပါ အဘစောမူးသာရဲ့ "

" အခုလို ပရိသတ်ကြီးက တခဲနက် တောင်းဆိုလာတဲ့အတွက် ' နားပန်းဆံ ' သီချင်းအလိုက်ကလေးနဲ့ ' နဘင်းကျန် ' ဆိုတဲ့ ' စာမြှောင်ကပ် ' တေးသီချင်းတစ်ပုဒ်ကို ကျွန်ုပ်စောမူးသာက အဟုတ် သီဆိုဖျော်ဖြေပေးပါ့မယ် ခင်ဗျား "

" ဖြောင်းဖြောင်း ဖြောင်းဖြောင်း ဖြောင်းဖြောင်း"

လက်ခုပ်သံများအကြား အဘစောမူးသာက ရေနွေးတစ်ခွက်ငှဲ့ကာ မော့ချလိုက်ပြီး လည်ချောင်းရှင်းပါလေ၏။ ပြီးတဲ့အခါ ပီသကြည်မြလှသည့် သူ၏အသံဝါကြီးဖြင့် ' နဘင်းကျန် ' သီချင်းသံ ထွက်ပေါ်လာပါလေတော့၏။

' ဒို့များဟာ မဝေးသောကာလ ခွေးပေါရွာက သာဝတို့များ . . 

 အရပ်ကယ် မမီပြန်သတော့ . . . လူဟန်က သနားကမားနဲ့ မြင်သူ ဝေါ့ 

အော့စရာပဲ ရပ်ထဲ ရွာထဲ အလှူ ပွဲကျင်းပ ဒင်းက လာဆဲ . . .

ဖိုးသာကဲ အဲ . . . သူခိုးငနာ ငဖြဲ အဲ . . . အကျိုးရှာနွှဲ အဲ . . . လူကြားထဲ ဒီကောင်ယုတ်ပြန် . . .

ပွဲတကာရောက် ဒီကောင် ဆလံ  ရွာခံလူအများ ဝိုင်းလို့ ထောင်းပြန် 

အော် အော်ပြန်သေးရဲ့ တစ်ဖန် ဒန် ဒန် ဒန် ဒန် ဒန် ဒန် . . . 

တော် တော်ကြာ ပြေး ပြေးမယ့်သဏ္ဍာန် ဒန် ဒန် ဒန် ဒန် ဒန် ဒန် . . .

အဖော်တွေဟာ ဆော်နေတာအမှန် ဒန် ဒန် ဒန် ဒန် ဒန် ဒန် . . .

 မတော်နေရာ ချော်သွေကာ ကန် ဒန် ဒန် ဒန် ဒန် ဒန် ဒန် . . . 

ဟဲ့ သာ ၀ . . . ဗျ . . . ဗျာ . . . ဗျ 

မ ရွ ပါ နဲ့ သာ ဝ ရွမယ်ဗျ အာ ဟ . . . 

ပါးတစ်ဖက်တစ်ချက် နှစ်ချက်စီနှံ မျက်နှာကြီး နီမြန်းလန် ဟုတ် ပ . . .

နားထက်က ကေသာဆောင့်စွဲပြန် နဘင်းကျန် . . . နဘင်းကျန် 

နထင်ကြီးမှာ ရဲလို့လန် အားရကြပြန် နှိပ်ဟ . . .

( ဟေးလားလေ မောင်တို့ ၊ ဟေးလားလေ မယ်တို့ ၊ ဝမ်းစ်မိုးသံ သောသောညံ ရော့ . . . ရော့ ) ၂ "

အဘစိမ်းမောင်ကား မျက်နှာကြီးစူပုပ်ကာ စိမ်းစိမ်းကြီး စိုက်ကြည့်နေပါသော်ညား အဘစောမူးသာကား ဆက်လက်၍ ဖျော်ဖြေ နေပါလေ၏ ခင်ဗျား။

" အဆဲသန်သန်ငနဲ အကြံအဖန် သူလာရင် လူတကာ ဆလံ . . .

 ရုန်းထွက်ဖို့ကြံ ရုန်းထွက်မရအမှန်

စစ်သား အပုန်းကြီး ခွကြီးကျနေဟန် ( နှိပ်ဟ )

နှက် အသားကုန်ကန် အခွက် အရေခွံ လန်၊ 

အော်သံတွေ ဆူ ဆူ ညံ . . . 

ကုန်း ထုကြ အမှန် ရုန်း သူ့ဘ၀ မဟန် 

စစ်သားငတုံးကြီး လက်သီးချက်တွေခံ ( နှိ ပ် ဟ ) 

နှက်ပြီ အမှန် အခွက် အသားနီလန် 

ဒီအကောင် ကြောင်တောင်ခံ (နှိပ်ဟ) 

သွားဖုံးပြုတ်မှတန် ကုန်းလုပ်ကြရန် 

လက်သီးလုံးကြီး ဝက်ခေါင်းလောက်သဏ္ဍာန် ( နှိပ်ဟ )

(အဆင်ပြေပေါင်းပြီး ခေါင်းကြီးဆော်ရန် ပြည်တစ်ခွင်ခရီးနှိုး  မီးထိုးပါမြန်မြန်) ၂ 

ဟဲ့ ဟဲ့ . . . နွှာကြမယ် ဧကန်၊ အို အို လာသမျှရယ် တွယ်နေပြန်၊ ဟဲ့ ဟဲ့ . . . 

မသာချမယ်လေ အမှန် အို အို ဗလာအဘရယ် စေတန် . . . 

ဟယ် သာဝရယ် ကြင်စိုးရယ် နဘင်းကျန် 

နင် မငိုနဲ့ဟာ အိုးဘယ့်နှာ ခေါ်ချပြန် 

တစ်ဦးစ နှစ်ဦးစ ထောက်ဒူးချမှ ပက်လက်လန် ပြေးကြတော့ အမှန် . . . ( ဟေး )

 ( ဟေးလားကွယ် မောင်ရို့ ဟေးလားကွယ် မယ်ရို့ ဝမ်းစ်မိုးသံ သောသောညံ ရော့ ရော့) ၂

တခါတရံများ ဗျာပါသံတွေကြား အနွှာခံရဧကန် 

ရွာခံများက ဆောင့်တအားနှံ သာ၀ ဂန်ဒူး ကြင်စိုး မသာချရန်။" 

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024