မွန်ပြည်နယ် ဘီးလင်းမြို့နယ်ံ ဝင်းကကျေးရွာမှာ နိုဝင်ဘာ ၄ ရက် မနက် ၁၁ နာရီလောက်က ရဲတပ်သားတဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ဝင်းကကျေးရွာရှိ ဦးပေါင်တို အရက်ဆိုင်မှာ ဝင်းကရဲစခန်းမှ ရဲတပ်သား ဇော်နိုင်ဝင်းအား အမည်မသိ လူငယ်နှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရဲတပ်သား ဇော်နိုင်ဝင်းဟာ ဝင်းကရဲစခန်းကို ပြောင်းလာတာသိပ်မကြာသေးဘဲ အဲဒီအရက်ဆိုင်မှာ နယ်မြေသတင်းစုံစမ်းနေတုန်း သေနတ်သမားတွေက အလစ်အငိုက်ပစ်သတ်သွားတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတဦးက ပြောပါတယ်။
ဖြစ်စဥ်အပြီးမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးမှုလုပ်ကာ အလောင်းကို ဘီးလင်းဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဥ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က သတင်းထုတ်ဖော်ပြောဆိုထားမျိုး မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ သတင်းပေးတွေ၊ ပျူစောထီး၊ ဌာနဆိုင်ရာဝန်းထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေအပါအဝင် အယောက် ၂၀ ထက်မနည်း ပစ်သတ်ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။