Home
နိုင်ငံတကာ
ပါလက်စတိုင်း-အစ္စရေး စစ်ပွဲ လူ ၁ သောင်းကျော် သေဆုံး
DVB
·
November 4, 2023

လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခမှာ သောကြာနေ့အထိ  ၂ ဘက်စလုံးမှ လူပေါင်း ၁၀၈၀၀ ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းသား အနည်းဆုံး ၉၂၅၇ ဦးနဲ့ အစ္စရေးဖက်က ၁၄၀၀ ကျော် ဖြစ်ကြောင်း ပါလက်စတိုင်းနဲ့ အစ္စရေး သတင်းရင်းမြစ်တွေအရ သိရပါတယ်။ 

မကြာသေးခင်က အစ္စရေးစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အနောက်ဘက်ကမ်းမှာ လူ ၁၄၄ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး ပါလက်စတိုင်း သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ သောကြာနေ့က ဂါဇာကမ်းမြောင်ဒေသကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ 

IDF ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက သူတို့ဟာ ဂါဇာမြို့တော်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း တို့နဲ့ ဝန်းရံထားကြောင်း သောကြာနေ့က ပြောပါတယ်။ 

အဲဒီနေ့မှာပဲ IDF မှ ထုတ်ပြန်တဲ့ ဗီဒီယိုကလစ်တခုမှာ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့ တည်ဆောက်ထားတဲ့ မြေအောက်ဥမင်တွေကို ရှာဖွေတွေ့ရှိပြီး ဖျက်ဆီးခဲ့ကြောင်း ပြသခဲ့ပါတယ်။ 

အစ္စရေးစစ်တပ်က အတည် မပြုရသေးပေမယ့် မြေအောက်ဥမင်လှိုဏ်ခေါင်းတွေမှတဆင့် ဟားမတ်စ် တပ်ဖွဲ့ဝင်တွေရဲ့ စီးနင်းမှုဟာ အစ္စရေးစစ်တပ်အတွက် များစွာ အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြေပြင်တိုက်ပွဲတွေမှာ ဟားမတ်စ် တပ်ဖွဲ့ဝင်တွေက အစ္စရေး စစ်သား ၂၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ 

တချိန်တည်းမှာပင် ဟားမတ်စ်တို့ဟာ အစ္စရေးရှိ နေရာအသီးသီးကို ဒုံးကျည်တွေ ဆက်လက် ပစ်ခတ်နေခဲ့တာကြောင့် အထူးသဖြင့် အစ္စရေးမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ လေကြောင်းရန်ကာကွယ်ရေး ဥဩသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နဲ့ နယ်နိမိတ်အနီးဆုံး အစ္စရေးမြို့ဖြစ်တဲ့ ဆဒေရို့ထ်ဟာ ဒုံးကျည်နဲ့ အများဆုံး ပစ်ခတ်တိုက်ခိုက်ခံရတဲ့ နေရာတွေထဲမှ တခုဖြစ်ပါတယ်။ 

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ ပထမ သီတင်းပတ်မှာပဲ အစ္စရေးအစိုးရဟာ ဒေသခံ စုစုပေါင်း ၃ သောင်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ကို တိုက်ရိုက်ဦးတည်နေတဲ့ ဆဒေရို့ထ်ရှိ လမ်းခရီးရှည်ကြီး ပေါ်မှာ စစ်ဆေးရေးဂိတ်တခုကို ထူထောင်ခဲ့ပြီး ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို တင်းတင်းကျပ်ကျပ် ကြပ်မတ်စစ်ဆေးခဲ့ပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024