ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့နယ်၊ ရွာသစ် Denko ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား အယောက် ၂၀ လောက်ကို နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ဒေါနစစ်ကြောင်း တပ်ခွဲ ၁ နဲ့ ၂ တို့ ပူးပေါင်းပြီး ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးနယ်ဘက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေပြီး စစ်ရေးအရှိန်လည်းမြင့်လာသလို စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းတပ်တွေ နှစ်ဖက်စလုံးမှာ အထိအခိုက် အကျအဆုံးတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်လာနေလို့ အရပ်သားတွေ ထိခိုက်သေဆုံးတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်းထဲမှာ ပြည်သူ ၁ ယောက်ကို ဖမ်းဆီးပြီး ပုစွန်ဆိတ်ဆင်ဝိုင်းမှာ တပ်စွဲထားတဲ့ အင်အား ၃၀ ပါ စစ်ကြောင်းကို နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ထမင်းစားနားနေချိန် တနေရာတည်းမှာစုနေလို့ အဲဒီနေရာ တည့်တည့်ကို ၄၀ မမ လက်နက်ကြီးနဲ့ ရှောင်တခင်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျန်တဲ့စစ်သားတွေက အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘေးကင်းကင်း ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ခံရအပြီးမှာ မျှစ်ချိုးလာတဲ့ ဒေသခံ ၅ ယောက် ထက်မနည်းကို ဖမ်းဆီးထားပြီး လူသားဒိုင်းလုပ်ထားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။