နိုဝင်ဘာ ၂ ရက်တိုက်ခတ်ခဲ့တဲ့ ကီးရန် မုန်တိုင်းကြောင့် ပြင်သစ်နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ လူတချို့ သေဆုံးဒဏ်ရာရခဲ့ပြီး နေအိမ်ပေါင်းသန်းချီ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပါတယ်။
လေတိုက်နှုန်း တနာရီမှာ ၂၀၇ ကီလိုမီတာနှုန်း ရှိတယ်လို့ မှတ်တမ်းတင်ထားတဲ့ ဘရစ်တန်နီပြည်နယ်ရှိ ဖှီးနီးစတဲ နယ်မြေမှာ လူ ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။
မုန်တိုင်းကြောင့် အိမ်ထောင်စု ၁ ဒသမ ၂ သန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီး အန်ညက်စ် ပနဲဟူနာရှဲက လူမှုကွန်ရက် X မှာ ပြောကြားခဲ့ပါတယ်။
ပါရီမြို့ အရှေ့မြောက်ဘက်ရှိ အဲန်နယ်မြေမှာ ထရပ်ကားပေါ်ကို သစ်ပင်တပင် လဲကျခဲ့တာကြောင့် ထရပ်ကားမောင်းသူတယောက် သေဆုံးခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဆက်ရှိနေတာကြောင့် နောက်ထပ်အသိပေးခြင်း မရှိခင်အထိ လမ်းအသွားအလာ တားမြစ်ပါတယ်။
မုန်တိုင်းတိုက်ပြီးပေမဲ့ ဘရစ်တန်နီနဲ့ နော်မန်ဒီ ဒေသတချို့မှာ လေပြင်းတိုက်ခတ်မှုအတွက် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပြီး အနောက်မြောက်ပိုင်းရှိ ကျန်ဒေသတွေမှာတော့ လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters