ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ခရိုင်၊ ဘန်ဖီးမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတယောက်ကို အမည်မသိသေနတ်သမား ၂ ယောက်က နိုဝင်ဘာ ၂ ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့ရတယ်လို့ Khaosod English မီဒီယာမှာ ဖော်ပြထားပါတယ်။
သေဆုံးခဲ့တဲ့သူဟာ မြန်မာနိုင်ငံသား ဦးထက်နိုင်ဦးဖြစ်ပြီး ည ၁၀ နာရီလောက်က ဘန်ဖီးမြို့နယ်၊ ဝက်ဘန်ချလုံး ဘုန်ကြီးကျောင်းလမ်းမှာရှိတဲ့ သူနေထိုင်ရာ အခန်းကထွက်လာချိန်မှာ အမည်မသိသေနတ်သမား ၂ ယောက်က သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တယ်လို့ CCTV မှတ်တမ်းတွေအရ သိရပါတယ်။
ပစ်ခတ်ခံရတဲ့ ဦးထက်နိုင်ဦးဟာ ညာဘက်နောက်ကျော နံရိုး၊ ညှပ်ရိုးတွေမှာ ဒဏ်ရာတွေရပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ပစ်ခတ်ခဲ့တဲ့ သေနတ်သမားတွေကတော့ ပစ်ခတ်ပြီးနောက် ဗန်နာ-တရပ်လမ်းဘက်ကို ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်တဲ့အချိန်က မျက်မြင်သက်သေ မရှိခဲ့တာကြောင့် ပစ်ခတ်ခဲ့တဲ့သူဟာ ထိုင်းနိုင်ငံသားလား၊ နိုင်ငံခြားသားလားဆိုတာ သေချာမသိသေးဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးခဲ့တဲ့ ဦးထက်နိုင်ဦးဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကြီးကြပ်ရတဲ့ အလုပ်သမား ခေါင်းဆောင်ဖြစ်ပြီး ဒီမတိုင်ခင် တလလောက်အလိုက အလုပ်သမားတွေနဲ့ စကားများ ရန်ဖြစ်တာတွေ ရှိခဲ့တဲ့အတွက် အခုဖြစ်ရပ်ဟာ လက်စားချေ တုံ့ပြန်တာမျိုး ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဘန်ဖီးရဲမှူးကတော့ မြန်မာအလုပ်သမားခေါင်းဆောင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သေနတ်သမား ၂ ယောက်ကို အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
Sourc/Photo Khaosod English