ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ၁၀၂၇ စစ်ဆင်ရေးကိုဆင်နွှဲနေတာက ၈ ရက်မြောက် ရောက်လာချိန်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာနဲ့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဒေသခံတောင်သူတွေ စပါးရိတ်သိမ်းချိန်လွန်လာကာ အခက်အခဲကြုံနေကြါတယ်။
စပါးရိတ်သွားကူသူတဦးက“အရင် နှစ်ပတ်ကျော်က မိုးကြောင့် ရိတ်သိမ်းလို့မရခဲ့ဘူး။ မိုးတိတ်ပြန်တော့ ဒီတပတ် တိုက်ပွဲတွေကဖြစ်။ လေယာဥ်သံ လက်နက်ကြီးငယ် အသံတွေကြောင့် မသွားရဲလည်း စပါးတွေ ကြွေကုန်မှာစိုးလို့ မဖြစ်မနေ ရိတ်သိမ်းနေရတယ်။ အခြေအနေတော့ ကြည့်ရတာပေါ့” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့တပတ်ကျော်က အလုပ်သမားရနိုင်ပေမဲ့ ခုချိန်မှာတော့ ပြောင်းချိုးချိန်နဲ့ တိုက်နေသလို စစ်ပွဲတွေရဲ့ အခြေအနေတွေကြောင့် နေ့စားသမားရဖို့လည်း မလွယ်ကူတော့တာမို့ တောင်ယာတွေရဲ့ ထုံးစံအတိုင်း လက်စားစနစ်နဲ့ အလှည့်ကျ ရိတ်သိမ်းနေကြတယ်လို့လည်း ဆိုပါတယ်။
တောင်သူတဦးက “တိုက်ပွဲဖြစ်နေမှန်းသိသိလည်း သွားနေရတာပဲ။ စပါးရိတ်ရင်း စစ်ကြောင်းသွားနေချိန် ကြုံရင်လည်း ပုန်းကြပေါ့။ အိမ်မှာလည်းစိုးရိမ်၊ တောင်ယာလည်း ထားခဲ့လို့မဖြစ်” လို့ ပြောပါတယ်။
လားရှိုးမြို့ပတ်ဝန်းကျင်မှာတောင် ပစ်ခတ်ပေါက်ကွဲသံတွေ ရက်ဆက်ဖြစ်နေခဲ့တာမို့ ကျန်နေရာတွေမှာလည်း အလားတူ ရင်ဆိုင်နေရမှာပဲလို့ လားရှိုးမြို့ခံတဦးက ပြောပါတယ်။
စပါးရိတ်ပြီးပါကလည်း ရိုက်ရ၊ နင်းနယ်ရ၊ ခြွေ စု သိမ်းပြီး စပါးကျီသွင်းနိုင်ချိန်မှ စိတ်အေးရမယ်လို့ တောင်သူတွေက ပြောပါတယ်။
“အရင်အပတ်က လူခေါ်လို့ရသေးတယ်။ နောက်ရက်ကတော့ မိသားစု ၃ ယောက်ပဲ ကြောက်ကြောက်နဲ့ ရိတ်ရတယ်” လို့လည်း ဒေသခံတောင်သူတဦးက ဆိုပါတယ်။
မန်တုံကနေ ဘော်တွင်းပတ်ဝန်းကျင် လားရှိုးထိ လမ်းတလျှောက် စပါးရိတ်နေတဲ့ တောင်သူတွေ တွေ့ခဲ့ရသလို ဒီလိုပဲ လူရိပ်မရှိတဲ့ တောင်ယာတွေလည်း တွေ့ခဲ့ရတယ်လို့ လားရှိုးကနေ မန်တုံထိ ကုန်ပို့ခဲ့သူတဦးက ပြောပါတယ်။
ဆန်စျေးတက်နေချိန်မှာ တောင်ယာစပါးက ဝင်ငွေရဖို့ အထောက်အကူဖြစ်စေမှာမို့ တောင်သူတွေ စပါးရိတ်သိမ်းဖို့ မျှော်လင့်နေကြပေမဲ့ စစ်ကောင်စီဘက်က စစ်မဖြစ်တဲ့ အရပ်သားနေရာတွေကိုပါမချန် ရမ်းသန်းပစ်ခတ်နေသလို စစ်ကြောင်းနဲ့တွေ့ရင် လူသားဒိုင်းအဖြစ် ခေါ်သွားတာတွေကြောင့် တောင်သူတွေ စိုးရိမ်ထိတ်လန့်ကာနေတယ်လို့ သိရပါတယ်။