Home
မြန်မာသတင်း
အခြေခံပညာကျောင်းများတွင် ကျူရှင်မသင်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား
DVB
·
November 3, 2023

အခြေခံပညာကျောင်းတွေမှာ အချိန်ပိုအကြောင်းပြပြီး အခကြေးငွေရယူကာ ကျူရှင်သင်တာတွေ မလုပ်ဖို့အတွက် စစ်ကောင်စီ ပညာရေးဌာနက ညွှန်ကြားလိုက်တယ်လို့ အခြေခံပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

လက်ရှိမှာ အခြေခံပညာကျောင်း မတက်ခင်နဲ့ ကျောင်းဆင်းချိန်တွေမှာ အတန်းပိုင် ဆရာမတွေက ကျောင်းသားတွေထံက ငွေကြေးကောက်ခံပြီး လိုအပ်ချက်ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေကို အချိန်ပိုအဖြစ် သင်ကြားနေတာတွေကို ပြုလုပ်နေတဲ့အပေါ် အဆိုပါ ပညာရေးဌာနက အဲ့ဒီလိုမလုပ်ဖို့အတွက် ညွှန်ကြားလိုက်တာလည်း ဖြစ်ပါတယ်။

အထက ၁ အင်းစိန်မှ ဆရာမတဦးက “သတင်းတွေကလည်း ဖော်ပြကြတော့ အထက်ကလူတွေ သိကုန်တာဖြစ်မယ်။ ညွှန်ကြားတာတော့ အောက်တိုဘာ နောက်ဆုံးအပတ်က ညွှန်ကြားထားတာ။ မလိုက်နာရင် အရေးယူမယ် ဆိုတာတော့ မပါဘူး” လို့ ပြောပါတယ်။

ဒီလို ကျူရှင်သင်နေတဲ့အပေါ်မှာ ကျောင်းအုပ်ကြီးတွေအနေနဲ့ ကြပ်မတ် ဆောင်ရွက်ရမှာဖြစ်ပြီး ဆောင်ရွက်ပြီးစီးတဲ့ အခြေအနေတွေကို မြို့နယ်ပညာရေးမှူးရုံးတွေထံ ပြန်လည်တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒီညွှန်ကြားချက်က သတိပေးတဲ့အဆင့်လောက်ပဲ ရှိပါတယ်။ လိုက်နာကြမှာလည်း မဟုတ်ဘူး။ ရန်ကုန်ကျောင်းတွေ အခုထိ ကျူရှင်သင်နေကြတုန်း။ ကျောင်းထဲမှာ မသင်ရရင် အိမ်မှာခေါ်သင်ကြလိမ့်ဦးမယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ အရာရှိတဦးက ပြောပါတယ်။

ကျူရှင်သင်နေတဲ့ ဆရာ ဆရာမတွေဟာ သူတို့ဆီမှာ ကျူရှင်တက်နေတဲ့ ကျောင်းသားတွေကို လာရောက်စစ်ဆေးမှုတွေပြုလုပ်ရင် စာမလိုက်နိုင်လို့ အချိန်ပိုခေါ်သင်တာမျိုး ပြုလုပ်တာဖြစ်ပြီး ငွေကြေးတောင်းခံတာမျိုး မရှိဘူးလို့ ပြောဆို ဇာတ်တိုက်ထားတာတွေကို ပြုလုပ်ထားကြပါတယ်။

ဒါ့အပြင် ကျူရှင်ယူတဲ့ ကျောင်းသားကျောင်းသူတွေဟာ အဆင့် A အမြဲလိုလိုရတတ်သလို စာမေးပွဲ မေးခွန်းတွေကို ကြိုတင်ရတတ်ကာ ကျူရှင်မယူတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ ခွဲခြားဆက်ဆံခံနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024