Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
November 3, 2023

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတရွာမှာ WY စိတ်ကြွရူးသွပ်ဆေးရောင်းဝယ်သူတဦးကို အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုဖို့ပြုလုပ်နေတယ်လို့ ကရင်နီပြည် ရဲ - KSP တပ်ဖွဲ့က ရဲမှူးကြီး ကိုဘိုဘိုက ပြောပါတယ်။  

မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် ၃၀ အရွယ် ကိုအောင်သန်းလင်းရဲ့ ဘေးလွယ်အိတ်ထဲကနေ WY ဆေးပြား ၁၀၃၀ ပြားကို တွေ့ရှိခဲ့ပြီး ရောင်းချရငွေလို့ယူဆရတဲ့ ငွေကျပ် ၄ သိန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။  

ကိုအောင်သန်းလင်းကို အမှတ် ၉ ရဲစခန်းမှာ  (ပ) ၈/၂၀၂၃ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ တရားဥပဒေပုဒ်မ ၁၉ (က)/၂၂ (ခ) နဲ့ အမှုဖွင့်အရေးယူထားပြီး တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။  

KSP တပ်ဖွဲ့က ရဲမှူးကြီး ကိုဘိုဘိုက"မူးယစ်ဆေးဝါးကိုတိုက်ဖျက်ဖို့ဆိုရင် အကုန်လုံးရဲ့ ပူးပေါင်းပါဝင်မှုလိုတယ်။ လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး အန္တာရာယ်ကို သူတို့ကိုယ်တိုင်ရှောင်ရှားနိုင်အောင် အသိပညာပေးတာတွေ လိုက်လုပ်တယ်။ ပြီးတော့ ရောင်းဝယ်ဖောက်ကားခြင်းမရှိအောင်၊ သုံးစွဲခြင်းမရှိအောင် လမ်းစုံလမ်းခွတွေ၊ ထိန်းချုပ်နယ်မြေတွေမှာ ရှောင်တခင် စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေကိုလည်း တတ်နိုင်သမျှ လုပ်နေပါတယ်ခင်ဗျ"လို့  ပြောပါတယ်။  

မူးယစ်ဆေးဝါး ရောင်းဝယ်သူကို ဖမ်းဆီးရာမှာ ကရင်နီပြည် အမှတ် ၉ ရဲစခန်းက နယ်ထိန်း ဦးဇွန်နီလင်းအဖွဲ့ နဲ့အတူ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)က ရဲဘော် ဒီဇင်ထူး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၅ (KNDF)က ရဲဘော် စိန်ဘထွန်းတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။  

ကရင်နီပြည် ရဲတပ်ဖွဲ့ -KSPကို ၂၀၂၁ ခုနှစ်၊ ၈ လပိုင်း ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး လူထုအခြေပြုလုပ်ငန်းတွေ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေနဲ့ လုံခြုံရေး ဝန်ဆောင်မှုတွေပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024