Home
မြန်မာသတင်း
တရုတ်နှင့် အနောက်နိုင်ငံများ၏အားပြိုင်မှု စစ်အာဏာရှင်ပြုတ်ကျရေး အထောက်အကူဖြစ်နိုင် 
DVB
·
November 3, 2023

မြန်မာ့အရေးမှာ တရုတ်နဲ့ အနောက်နိုင်ငံတွေ အားပြိုင်မှု ထင်ရှားလာတာဟာ စစ်ကောင်စီ ပြုတ်ကျပြီး တော်လှန်ရေးအောင်ဖို့အတွက် အကွက်ပေါ်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဟာ ရက်ပိုင်းအတွင်းမှာ ထိရောက်အောင်မြင်မှုတွေရှိခဲ့ပြီး စစ်ကောင်စီ အထိနာခဲ့တာပါ။ ဒီလို ရက်ပိုင်းအတွင်းမှာ ရှမ်းနဲ့ မန္တလေးနယ်စပ် နောင်ချိုမြို့အထိ စစ်ဆင်ရေး အောင်မြင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ တွန်းအားတွေ ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်း-တရုတ်နယ်စပ်အခြေစိုက် ကိုးကန့်တပ်ဖွဲ့ (MNDAA) က မြန်မာစစ်တပ်နဲ့ ကာလရှည်ရှိခဲ့တဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာအပေါ် အခြေခံခဲ့ပြီး မဟာမိတ်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကူပေးတဲ့ အခြေအနေ ဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ အမေရိကန်က MOGE အပေါ် အရေးယူ ပိတ်ဆို့တာတွေ ပြုလုပ်ချိန်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အားကောင်းနေချိန်နဲ့ တိုက်ဆိုင်ခဲ့ပြီး စစ်ကောင်စီအတွက် အထိနာစေတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ဒီတော်လှန်ရေးမှာ တရုတ်က လက်ဝါးကြီးအုပ်သွားမှာစိုးလို့ သူတို့ကလည်း ဝင်ပြီး ပါလာတာပေါ့။ ကောင်းတဲ့ကိစ္စ ကျမကတော့ ပြည်သူတွေဘက်ကပဲ ကြည့်တယ်။ ဗမာပြည်သူတွေအတွက် ကောင်းတယ်ဆို ကျမလက်ခံတယ်။ ဒီဟာက အနောက်နိုင်ငံမို့လို့ ကျမက ဆန့်ကျင်မှာမဟုတ်ဘူး။ ဒါဟာ စစ်ကောင်စီပြုတ်ရေးအတွက် နည်းနာတခု ဖြစ်တယ်။ လက္ခဏာတခုဖြစ်တဲ့အတွက် ကျမသည် ထောက်ခံတယ်။ နိုင်ငံကြီးတွေဗျ၊ ကျမ ပြောဖူးပေါင်းများပြီ။ ကျမတို့နိုင်ငံက နိုင်ငံငယ်လေးဖြစ်တယ်။ အဲ့ဒီတော့ နိုင်ငံကြီးတွေကြားက သေနင်္ဂဗျူဟာကြားက အကွက်တွေကို ကျမတို့ ရှာတတ်ရမယ်၊ အဲ့ဒါအကွက်ပဲ။ တရုတ်ပါလာမှာ၊ တရုတ်ဩဇာ ကြီးသွားမှာစိုးတော့ သူတို့လည်း အနောက်နိုင်ငံကလည်း ဝင်လာရတာပေါ့ဗျ။ အဲ့ဒါကောင်းတဲ့ကိစ္စပဲ။ ကျမတို့ တော်လှန်ရေးအတွက်တော့ ကောင်းတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီးမှ ကျမတို့ ကျန်တာတွေ ကိုယ့်ဘာသာကိုယ် ရှင်းကြတာပေါ့။ တိုင်းရင်းသားခေါင်းဆောင် တယောက်တောင် ပြောသေးတယ်။ စစ်အာဏာရှင်စနစ်မရှိရင် ကျန်တာ ကျနော်တို့မောင်နှမအချင်းချင်းကြား ဖြစ်တဲ့ကိစ္စပဲတဲ့။ ရှင်းလို့ရပါတယ်တဲ့။ အမှန်ပဲ။ ကျမထောက်ခံတယ် အဲ့ဒါကို” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ တားမြစ်ချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်၊ ကနေဒါတို့နဲ့အတူ ယူကေနိုင်ငံက စစ်ကောင်စီကို လက်နက်တင်သွင်း ဖြန့်ဖြူးပေးသူတွေနဲ့ ငွေကြေးထောက်ပံ့နေသူ ၅ ဦးနဲ့ စီးပွားရေးလုပ်ငန်း ၁ ခုတို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့တာပါ။

NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်တဲ့ NUG ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၃၀ ရက်နေ့က ကနေဒါ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒေးဗစ် မော်ရစ်ဆန်နဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံတွေရဲ့ စစ်ကောင်စီကို အရေးယူပိတ်ဆို့တဲ့ ကြေညာချက်တွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “အခု Sanction။ ကျနော်တို့နဲ့ တွေ့ဆုံပြီးတဲ့အချိန်မှာ ထွက်လာတဲ့ Sanction ကြည့်ရင်လည်း တွေ့ပါလိမ့်မယ်။ ကျနော်တို့ရဲ့ တိုက်တိုက်တွန်းတွန်း ပြောကြားစကားတွေကို လေးလေးနက်နက် သုံးသပ်ပြီးတော့ သူတို့ ဆုံးဖြတ်ချက်တွေ ချတယ်ဆိုတာ တွေ့နိုင်ပါတယ်။ MOGE လည်း ယူအက်စ်ကချတဲ့ဟာ တွေ့ပါတယ်။ အီးယူကလည်း ချထားပြီးပြီ။ ကနေဒါကလည်း MOGE ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ချထားပြီးပါပြီ။ MOGE တခုလုံးကို ဝိုင်းဝန်းပြီးတော့ မိတ်ဆွေနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ပြုဖို့အတွက် ဆက်လက် တောင်းဆိုတယ်ဆိုတာ ပြောကြားချင်ပါတယ်။ အရေးတော်ပုံ မုချအောင်ရမည်၊ အောင်လည်း အောင်နေပါပြီ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ နှစ်ပေါင်း ၃၀ ကျော် မြန်မာစစ်တပ်နဲ့ ထိတွေ့မှုတွေ ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ မဟာမိတ်ဗျူဟာကို အကောင်းဆုံး အသုံးပြုနိုင်ခဲ့တာ၊ မြန်မာစစ်တပ်ဟာ အဂတိလိုက်စားမှုကိုပဲ ပြုလုပ်နေခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းနေတာ၊ ပြည်သူတရပ်လုံးရဲ့ ဆန့်ကျင်မှုကို ခံနေရတာ စတဲ့အချက်တွေကြောင့် ရက်ပိုင်းအတွင်းမှာ အခုလို အောင်မြင်မှုတွေ ရခဲ့တာဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်၊ ခေတ်အဆက်ဆက်မှာ တိုက်ရေးခိုက်ရေးတွေဟာ ကျလာတာ။ ဗိုလ်ခင်ညွန့်ပြောခဲ့တဲ့ အနှစ် ၂၀ အပစ်အခတ်ရပ်စဲရေးမှာ စစ်တပ်က လုံးဝကို ကျသွားပြီ၊ တခုက တိုက်စိတ် ခိုက်စိတ်ကို မရှိတော့ဘူး။ တပ်မှူးတွေအတွက်က တိုက်ရေးခိုက်ရေးထက် သူတို့အိတ်ထဲကို ငွေထည့်ဖို့ပဲ လုပ်တာလေ။ ဟိုတနေ့ကပဲကြည့် မိုးမြင့်ထွန်း ဗိုလ်ချုပ်ကြီး နည်းတဲ့အမှုတွေလား ပေါ်လာတာ။ အဲ့တော့ စစ်တပ်က အဲ့ဒီလောက် ပျက်စီးနေတာ။ ဒါကြောင့် ဒီလောက်မြန်တာ။ အဲ့ဒီတော့ တရုတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျမတို့တော်လှန်ရေးက မုချကိုအောင်မှာ။ အဲ့ဒီတော့ တရုတ်ကို ကြောက်တယ်၊ ထားပါ ကြောက်တယ်ပဲထား၊ ကျမတို့ ဗမာပြည်ရဲ့ အရေးအခင်းကို အဆုံးအဖြတ်ပေးမှာ ဗမာပြည်သူလူထုပဲ၊ တရုတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီပွဲကို ကျမတို့ ပြီးအောင်တိုက်မှာပဲ။”

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီက ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းက KIA စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် မဟာမိတ်တွေက တုံ့ပြန်တာလို့လည်း စစ်ရေးကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

နိုဝင်ဘာ ၂ ရက်အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သန္နီ၊ ကြူကုတ် မြို့ ၄ မြို့ကို သိမ်းယူထားပြီး စစ်ကောင်စီက စခန်းပေါင်း ၉၀ ကျော်အထိ လက်လွှတ်ခဲ့ရပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024