Home
မြန်မာသတင်း
မကွေးတိုင်း မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် ပျူစောထီးရွာနှင့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
November 3, 2023

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ နေထိုင်တဲ့ ကန်နီကျေးရွာ တိုက်ခိုက်ခံရပြီး ၈ ယောက်သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ ​သိရပါတယ်။

မြိုင်မြို့နယ်၊ ကန်နီကျေးရွာနားကို နိုဝင်ဘာ ၂ ရက် မနက် ၄ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်း ၃ ကြောင်းခွဲကာ  ချဉ်းကပ်ပြီး ကန်နီရွာက မျှော်စင်ဘန်ကာ ၃ ခုကို အထိကထားပြီး မနက် ၅ နာရီလောက်မှာ RPG တွေ၊ ၄၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနောက် လက်နက်ငယ်တွေ၊ ၄၀ မမတွေနဲ့ ဆက်လက်ပစ်ခတ်ပြီး နောက်တန်းက ၆၀ မမ ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲလောက် ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးပြီး ၁၅ ယောက်လောက် ဒဏ်ရာရရှိကာ ပျူစောထီး ၂ ယောက် အရှင်ဖမ်းမိပြီး ရွာအစပ်မှာရှိတဲ့ ပျူစောထီးတွေရဲ့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၉ ယောက်ထက်မနည်း သေဆုံးကာ ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ကန်သစ်ကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၃၀ ရက် မနက် ၉ နာရီ ၄၀ မိနစ်က မိုင်းပွိုင့် ၄ ပွိုင့်၊ မိုင်း ၂၁ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့သယ်ကာ ဖလံကိုင်း ရေနံမြေရဲစခန်းကို ပြန်ဝင်သွားတယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

သူတို့တပ်စွဲထားတဲ့ ဖလံကိုင်းရေနံမြေရဲစခန်းကို အောက်တိုဘာ ၃၁ ရက် မနက် ၅ နာရီလောက်ကနေ ည ၁၁ နာရီ မိနစ် ၂၀ ထိ ရော့ကက် ၁၁ လုံး၊ အီနာဂါ ဗုံးသီး ၁၄၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာ ၁ ရက် မနက် ၁ နာရီ ၄၇ မိနစ်မှာ သူတို့ဘက်က လှုပ်ရှားမှုတွေရှိလို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဖလံကိုင်းရွာဘက်ကနေ သစ်ကြီးတော၊ ထန်းပေါက်ကုန်း၊ ဂွေးကြီးယိုနဲ့ ကန်သာကုန်း ကျေးရွာဘက်တွေကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၂ ရက် ညနေ ၃ နာရီလောက်မှာ အသင့်စောင့်​ကြို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း အထိနာသွားလို့ နမခ စစ်ကိုင်းဘက်က Mi35 ရဟတ်ယာဥ်တစီး လာရောက်ခဲ့ပေမဲ့ ရာသီဥတု အခြေအနေ မကောင်းလို့ ပြန်လှည့်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကန်သစ်ရွာအဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတုန်းက ပုပ်ပွနေတဲ့ အသားစတွေ တွေ့ရပြီး စစ်ကြောင်းကထွက်ပြေးလာတဲ့ တပ်သား ခင်မောင်ထွေးကို သုံ့ပန်းအဖြစ် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၁ တပ်ရင်းနဲ့ ၇၀၄ တပ်ရင်းတွေက ဖြစ်ပြီး အင်အား ၂၅၀ လောက်ပါဝင်ကာ ပျူစောထီး ၆၂ ယောက်က လမ်းပြပြီး ပြည်သူ ၃၀ ကိုလည်း ဖမ်းဆီးထားပြီး ပခုက္ကူမြို့က ထွက်လာတဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ပြည်သူ ၁၁ ယောက်ကို သတ်ဖြတ်ခဲ့ကြတယ်လို့ ခင်မောင်ထွေးက ထွက်ဆိုထားကြောင်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024