Home
မြန်မာသတင်း
တနင်္သာရီ ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၂ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံ
DVB
·
November 3, 2023

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းက တပ်သား ၂ ဦး ထွက်ပြေးလာကြပြီး ဒေသတွင်းရှိ ပြည်သူကာကွယ်ရေးအဖွဲ့တွေဆီ လာရောက်ခိုလှုံခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လာရောက်ခိုလှုံတဲ့တပ်သား ၂ ဦးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က ခမရ ၅၆၁ တပ်ရင်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ရင်း ၁ ပူးပေါင်းစစ်ကြောင်းတို့ဆီ နိုဝင်ဘာလ ၁ ရက်နေ့မှာ လာရောက်အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်တွင်း မတရားဖိနှိပ်ခံရတာတွေအပြင် ပြည်သူတွေအပေါ် စစ်သည်တော်ကျင့်ဝတ်ဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပူးပေါင်းစစ်ကြောင်းဆီ လာ‌ရောက်အလင်းဝင်ခဲ့တာလို့ တပ်သား ၂ ဦးက ပြောကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

"တပ်သား ၂ ယောက်မှာတော့ လက်နက်မပါဘူး။ ဝင်လာရင်လည်း သူတို့လုံခြုံရေး စားရေးသောက်ရေးအတွက်  ကူညီပေးနေတာတွေရှိတယ်။ တချို့ဆိုလည်း နယ်မြေထဲမှာပဲ တော်လှန်‌ရေးတပ်ဖွဲ့မှာ ပါဝင်ပြီးတော့ တော်လှန်ရေး တာဝန်ယူနေတဲ့သူတွေရှိတယ်။ ပြည်ကထွက်သွားချင်တဲ့ CDM ရဲဘော်တွေကို ကျနော်တို့ကနေ နယ်စပ်ဒေသကို ပို့ဆောင်ပေးတာမျိုး စီစဥ်‌ပေးပါတယ်" လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းမှာ CDM ဝင်ရောက်လာခဲ့တဲ့ ရဲနဲ့ စစ်သားအများပြားရှိနေပြီး ထားဝယ်ခရိုင်မှာ ၉၈ ဦး၊ မြိတ်ခရိုင် ၁၁၀ ဦးနဲ့ ကော့သောင်းခရိုင်က ၂၉ ဦး စုစုပေါင်း ၂၃၇ ဦးထိ ရှိလာပြီလို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း မြို့နယ်တွေထဲက တခုဖြစ်တဲ့ တနင်္သာရီမြို့နယ်မှာတော့ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး CDM ဝင်ရောက်လာသူ ၈၄ ဦး အထိ ရှိခဲ့ပြီးဖြစ်ကာ  CDM ဦးရေ အများဆုံးဝင်ရောက်လာတဲ့ မြို့နယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း အဆိုပါ ခမရ ၅၆၁ တပ်ရင်းကနေ တပ်သား ၁ ဦး လက်နက်အပြည့်အစုံနဲ့ တနင်္သာရိမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ လာရောက်ခိုလှုံခဲ့ပြီးနောက် ‌တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ လွတ်မြောက်ရာဒေသကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024