သြစတြေးလျရဲတပ်ဖွဲ့ဟာ သြဂုတ်လတုန်းက သက်ကြီးရွယ်အို ၃ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး သူတို့ကို အဆိပ်ရှိတဲ့ မှိုတွေနဲ့ နေ့လည်စာ တည်ခင်းဧည့်ခံခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတဦးကို ဖမ်းဆီးလိုက်ကြောင်း နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်ရဲတပ်ဖွဲ့ဟာ ဖုံးဝှက်ဖို့လွယ်ကူတဲ့ အီလက်ထရွန်နစ် ပစ္စည်းလေးတွေကိုတောင် အနံ့ခံနိုင်အောင် သေချာ လေ့ကျင့်ပေးထားတဲ့ ခွေးတွေရဲ့အကူအညီနဲ့ အဲဒီအမျိုးသမီးရဲ့ နေအိမ်ကိုရှာဖွေခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးကို ရဲတပ်ဖွဲ့က တွေ့ဆုံ စစ်ဆေးမေးမြန်းသွားမယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၂၉ ရက်က မဲလ်ဘုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၃၅ ကီလိုမီတာ ဝန်းကျင်လောက်ရှိ ကျေးလက်မြို့ငယ်လေး လီယွန်းဂါသာမှာ ဒွန်ပက်တာဆင်၊ သူ့ဇနီး ဂေးလ်ပတ်တာဆင်နဲ့ သူ့ညီမ ဟီသာဝီကင်ဆန်တို့ဟာ နေ့လည်စာ စားပြီးနောက်မှာ နေမကောင်းဖြစ်ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
၄ ယောက်မြောက်ပုဂ္ဂိုလ်ဖြစ်တဲ့ သင်းအုပ်ဆရာ အီယန်ဝီကင်ဆန်ကတော့ စက်တင်ဘာလမှာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပါတယ်။
လူကို အဆိပ်သင့်ပြီး သေစေလောက်တဲ့ အန္တရာယ်ရှိတဲ့ မရဏဦးထုပ်မှို အပါအဝင် မှိုမျိုးစိတ်ပေါင်းများစွာ ပေါက်ရောက်တဲ့ သြစတြေးလျနိုင်ငံမှာ မှိုစားသုံးလို့ သေဆုံးရမှုမှာ အတော်ကို ရှားရှားပါးပါး ဖြစ်ပါတယ်။
Source/Photo-Reuters