မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ နိုဝင်ဘာ ၁ ရက် ညပိုင်းက စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အောင်ကျော်မိုး ခရီးသည်တင်မှန်လုံကား ထိမှန်ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့မှာ နိုဝင်ဘာ ၁ ရက် ည ၇ နာရီခွဲက သရက်ကုန်းဘုရားကုန်းက စစ်ကောင်စီတပ် ရမ်းသန်းပစ်လိုက်တဲ့ လက်နက်ကြီးဟာ PT Power စက်သုံးဆီဆိုင်အနီးမှာ ရန်ကုန်မြို့ကနေ မော်လမြိုင်ဘက်ကို ခရီးသည် ၄၀ တင်လာပြီး မောင်းနှင်လာတဲ့ အောင်ကျော်မိုး မှန်လုံကားကို ထိမှန်ခဲ့တာပါ။
လက်နက်ကြီးထိမှန်မှုကြောင့် အောင်ကျော်မိုး မှန်လုံယာဉ် ဘေးမှန်တွေ ကွဲသွားသလို ကားပေါ်ပါလာတဲ့ ခရီးသည် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုဒေသခံတဦးက ပြောပါတယ်။
“ညက လက်နက်ကြီးနဲ့ပစ်လိုက်တာ မြေပါတုန်တယ်။ မကြာဘူး လူနာတင်ကားတစီးသွားတော့ စုံစမ်းကြည့်တော့ ခရီးသွားကားတစီး ထိသွားတယ်လို့ ကြားတာ။ မျက်မြင်တွေ့တဲ့သူတွေအရဆို ခရီးသည်တင်ကားမှန် တော်တော်များများ ကွဲသွားတာ။ အဲ့ဒီဘက်က ရော်ဘာခြံတွေဘက် PDF တွေရှိတယ်ဆိုပြီး ရက်ခြား လက်နက်ကြီးနဲ့ ထုနေကြပါ။ ညက လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်တာ၊ ၇ ခွဲနဲ့ ၉ ခွဲနဲ့။ ၉ ခွဲမှာထုလိုက်တဲ့ဟာက ရော်ဘာခြံထဲကျသွားတာပါ။ ကားပေါ်ကနေ ဒဏ်ရာရတဲ့သူ ဆိုတာထက် ဒဏ်ရာလို့ခေါ်လို့ရတဲ့ အရွယ်မျိုးဆို ၄ ယောက်ရတယ်။ ကျန်တာ ပွန်းပဲ့တဲ့သူတွေလည်းရှိတယ်။”
ဒဏ်ရာရရှိတဲ့သူ ၄ ယောက်ကို ကျိုက်ထို လူမှုကူညီရေးအသင်းကားနဲ့ ကျိုက်ထိုဆေးရုံကြီးကို ပို့ဆောင် ကုသနေပါတယ်။