Home
မြန်မာသတင်း
ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဖရူဆို၊ မြိုင်နှင့် လောင်းလုံးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား
DVB
·
November 2, 2023

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက စစ်ကောင်စီ အခြေချ အထိုင်ပြုလုပ်ထားတဲ့ စခန်းတွေကို  ပြည်သူကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၃၁ ရက် ည ၁၁ နာရီမှာ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။

အခုလို စစ်ကောင်စီစခန်းတွေပေါ်ကို ဗုံးသီးချ တိုက်ခိုက်နိုင်ဖို့ Shar Htoo Waw နည်းပညာ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ပုံစံ ဒရုန်းကို အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

ကျောက်လုံးကြီးတပ်မဟာအဖွဲ့ ပြန်ကြားရးတာဝန်ခံ AT က “ပထမက အလယ်ကျွန်းပျူရွာကို ၁ ကီလိုဂရမ်ရှိတဲ့ ဗုံးသီး ၄ လုံး ချခဲ့တယ်ဗျ။ သေဆုံးမှုကတော့ စုံစမ်းနေဆဲပါပဲဗျ။ နောက်ပြီး ကနီမြို့ပေါ်က စစ်ကောင်စီအထိုင် ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကိုလည်း ဗုံးသီးချခဲ့သေးတယ်။ နောက်တ‌နေရာကတော့ ကနီမြို့အရှေ့ဘက်ကို စစ်သားအင်အား ၁၀ ယောက်နဲ့ ကင်းလှည့်ထွက်လာတာကို ကျနော်တို့အဖွဲ့က တိုက်မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာ စစ်သား ၄ ဦးသေပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်။ ဒဏ်ရာရ စစ်သား ၃ ဦးကို ကနီဆေးရုံမှာ ကုသတာ‌တွေ ပြုလုပ်နေတယ်” လို့ ‌ပြောပါတယ်။

အခုတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ ကျောက်လုံးကြီးတပ်မဟာနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြေပြင်စစ်ပွဲအပြင် ချင်းတွင်းမြစ်အတွင်းကနေ စစ်ကောင်စီက စစ်‌မော်တော် ၇ စီးနဲ့ အောက်ပိုင်းကို စုန်ဆင်းနေတာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးက ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာ‌နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ် စည်ပင်ကျေးရွာနဲ့ ဘူးလဲကျေးရွာအကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးခဲ့ပြီး G-3 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီခွဲက အင်အား ၁၄၀ ပါ ကျားဘီလူးစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုပြီး မီတာ ၅၀ အကွာအရောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၂၅ မိနစ်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သား ၆ ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး ၉ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေဆီကနေ G-3 သေနတ် ၁ လက်၊ ၆၀ မမ ကျည်ဖူး ၂ ခု၊ ကျည် ၁၃ ထောင့်၊ လက်ကိုင်ဖုန်း ၁၇ လုံး၊ အထိုင်ဖုန်း ၁ လုံးနဲ့ ရွှေတိုရွှေစတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

BNRA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “အဲ့ကျားဘီလူးစစ်ကြောင်းကို နေ့တိုင်း ကင်းထောက်နေတာ၊ အခုလို အတိအကျ သတင်းရလာတော့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ ကျနော်တို့ရဲဘော်တွေ ပစ်လိုက်တဲ့ကျည်က စစ်သားတွေဘက်က ငါးမြင်းကြီး စက်လက်သမားတွေနဲ့ လက်နက်ကြီး‌ပစ်တဲ့ စစ်သားတွေကို ထိသွားလို့၊ မဟုတ်ရင် ကျနော်တို့ဘက်မှာ အထိနာသွားနိုင်ခြေရှိတယ်။ စစ်သားတွေဘက်က ၆၀ မမတွေနဲ့ပါထုတာ” လို့ ပြောပါတယ်။

တိုက်ပွဲအပြီးမှာ BNRA အဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ကျားဘီးလူးစစ်ကြောင်းကတော့ နောက်ပြန်မဆုတ်ရဲဘဲ စည်ပင်ကျေးရွာမှာ ညအိပ် တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ကျားဘီလူး အမည်ခံ စစ်ကြောင်းဟာ အောက်တိုဘာလဆန်းက စတင်ပြီး ပုလဲ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းမှာလည်း ပုလဲမြို့နယ်၊ မြောက်ပိတောက်ကုန်း အနောက်ဘက်၊ မြောက်ယမားဆည်‌အနီး ကျားဘီလူးစစ်ကြောင်းကို BNRA အဖွဲ့ စနိုက်ပါ ရဲ‌ဘော်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ယောက် စနိုက်ပါထိမှန် သေဆုံးသွားတယ်လို့ BNRA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

“BNRA အနေနဲ့ အညာဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်နိုင်ဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပါကြောင်း ပြည်သူလူထုနဲ့အတူ တော်လှန်ရေး ညီအစ်ကို မောင်နှမများအား လေးစားစွာ အသိပေးအပ်ပါသည်” လို့ BNRA အဖွဲ့က ထုတ်ပြန်ပါတယ်။

အခုတိုက်ခိုက်ခံခဲ့ရတဲ့ ကျားဘီးလူးစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်ကလည်း ယင်းမာပင်မြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ခန့်အကွာ သဲကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ၁၀ တန်းကျောင်းသား ၂ ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းလည်း ဖြစ်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ကြားရှိ ငွေတောင်ရွာသစ်အနီးမှာ အောက်တိုဘာ ၃၁ ရက် မနက်ကနေ နိုဝင်ဘာ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“အခုက ယာဥ်တန်းကို လုံခြုံရေးယူပေးနေတဲ့ တပ်မ ၅၅ အဖွဲ့က လွိုင်ကော်ဘက် ပြန်လှည့်လာတယ်ပေါ့နော်။ တိုက်ပွဲဖြစ်တာရှိတယ်၊ မနေ့ညကတည်းကပဲ၊ ဒီရက်ကောပေါ့။ ခန့်မှန်းတာကတော့ ရှမ်းမြောက်ကို ပြန်သွားဖို့ထင်တယ်။ မဟုတ်လည်း ပြန်နားဖို့လား မသိဘူး။”

စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ရေးအခြေအနေ တင်းမာနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ထီးပေါ်ဆို-ဒေါညေးခူ လမ်းပိုင်းတလျှောက်ကို ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF က အသိပေး ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေနေထိုင်တဲ့ ကန်နီကျေးရွာကို အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက Drop ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ Eagle Brigade တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ ကန်နီကျေးရွာကို အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ARSC ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြိုဆိုပြီး တတပ်တအား ပါဝင်တဲ့အနေနဲ့ ဒရုန်းနဲ့ ဗုံးကြဲကာ တာဝေးပစ် ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်ဆင်ရေးအတွင်းမှာ ကျနော်တို့ဘက်က FFD အမျိုးအစား၊ ပန်ကာ ၆ လက်ပါ ဒရုန်းတစင်း စက်ပစ္စည်းချွတ်ယွင်းပြီး ပျက်ကျဆုံးရှုံးခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ သေဆုံး ဒဏ်ရာရတဲ့သူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ဖျက်အားပြင်း 4Kg Air Drop ဗုံးတလုံး စမ်းသပ်တိုက်ခိုက်ရာ အောင်မြင်ခဲ့သလို မီးလောင်ဗုံးတွေလည်း စမ်းသပ်ဖြုတ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာက တာဝါတိုင်စခန်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို အောက်တိုဘာ ၂၇ ရက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၁ ရက်မှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (T1) က စစ်သတင်း ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် တာဝါတိုင်စခန်းကုန်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး စခန်းအနီးအထိ ၃ နာရီအကြာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ ကျည်မလုံလောက်မှုကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိဘူးလို့ သိရပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ်ရင်း-၁၊ နွေဦးပြောက်ကျား၊ ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့နဲ့ ထားဝယ်ပကဖ DDT တပ်ဖွဲ့၊ Dawei Defense Force (DDF) စတဲ့ အဖွဲ့လေးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

စမ်းလှမ်းရွာ တာဝါတိုင်စခန်းကုန်း တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီတပ်က လောင်းလုံးမြို့ကနေ စမ်းလှမ်းရွာသွားတဲ့လမ်းမှာရှိတဲ့ ဘောလုံးကွင်းနဲ့ အားကစားရုံမှာ လာရောက်အထိုင်ချ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မနက်က အလှူသွားလို့ ဖြတ်သွားရင်း ကြည့်မိတာ ဘောလုံးကွင်းမှာ စစ်သား ၃၀ လောက် ရှိနေတာတော့ မြင်ရတယ်” လို့ တပ်စွဲထားတာကို မျက်မြင်တွေ့ခဲ့ရတဲ့ မြို့ခံတဦးက ပြောပါတယ်။

တာဝါတိုင်စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ လာရောက် တပ်စွဲပြီးနောက်မှာတော့ လောင်းလုံးမြို့နယ်က ကျေးရွာတချို့မှာ အင်တာနက်လိုင်းတွေ နှေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာလ နောက်ဆုံးအပတ်က ထားဝယ်မြို့နယ်က ပကာရီရဲစခန်းနဲ့ သရက်ချောင်းမြို့နယ်က မြို့မရဲစခန်း အပါအဝင် စစ်ကောင်စီတပ်နဲ့ ဆက်စပ်တဲ့နေရာတွေ ဆက်တိုက် အတိုက်ခံနေရတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024