Home
ဆောင်းပါး
၁၀၂၇ စစ်ဆင်ရေး (သို့မဟုတ်) ကြီးမားတဲ့ အလှည့်အပြောင်း
DVB
·
November 2, 2023

ဒီရက်ပိုင်း ပြည်သူတွေအတွက် အားတက်စရာသတင်းဆိုရင် ရှမ်းမြောက်က မဟာမိတ်ညီနောင်သုံးဖွဲ့က စတင်လိုက်တဲ့ စစ်ဆင်ရေး ၁၀၂၇ အကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကာကွယ်ဖို့၊ ကိုယ့်ဒေသကို ပိုမိုထိန်းချုပ်နိုင်ဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့၊ တရုတ်-မြန်မာနယ်စပ် အပါအဝင် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ဖို့၊ online game ကို လုပ်နေတဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီကို နှိမ်နင်းဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အဲ့ဒီစစ်ဆင်ရေးကို စတင်ဆင်နွှဲလိုက်တာ ဖြစ်ပါတယ်တဲ့။ အောက်တိုဘာလ ၂၇ မှာ စတင်တာဖြစ်လို့ operation 1027 လို့ အမည်ပေးလိုက်တာ ဖြစ်ပါတယ်တဲ့။ တရက်ပြီးတရက် ဘယ်စခန်းကို သိမ်းလိုက်တယ်၊ ဘယ်မြို့ကို ထိန်းချုပ်လိုက်ပြီ၊ စခန်းဘယ်နှစ်ခု သိမ်းပြီးသွားပြီ စတဲ့သတင်းတွေဟာ မြန်မာပြည်သူတွေအတွက် အားတက်စရာ သတင်းတွေပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ မျှော်လင့်ချက်ရောင်ခြည်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစစ်ဆေးရေးတိုက်ပွဲတွေကနေတဆင့် အလှည့်အပြောင်းနှစ်ခုကိုလည်း တွေ့လိုက်ရပါတယ်။

ပထမအလှည့်အပြောင်း

သေချာစိစစ်ကြည့်လိုက်ရင် စစ်အာဏာရှင်စနစ်အောက်မှာ တောင်ပေါ်နဲ့ မြေပြန့်ဟာ ဘဝတူတွေပါ။ ကိုယ်က မြေပြန့်ကမို့၊ သူက တောင်တန်းဒေသကမို့။ ကိုယ်က မြန်မာလူမျိုးမို့ သူက ပလောင်လူမျိုးမို့၊ ရခိုင်မို့ဆိုပြီး သက်ညှာမှုမရခဲ့ပါဘူး။ မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို သူ့နည်းနဲ့သူ ခံခဲ့ကြရတာချည်းပါပဲ။ မြေပြန့်ကဗမာတွေလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရပါတယ်။ နယ်စပ် တောင်တန်းဒေသက လူမျိုးတွေလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကို တခြားပုံစံတမျိုးမျိုးနဲ့ ချိုးဖောက်ခံခဲ့ရတာပါပဲ။ ပုံစံသာ ကွာသွားပေမဲ့ ဖိနှိပ်ခံရမှုဆိုတဲ့ နေရာမှာတော့ အတူတူပါပဲ။

ဒါပေမဲ့ တချို့သော မြန်မာလူမျိုးတွေမှာ စစ်တပ်ရဲ့ ဝါဒမှိုင်းတချို့၊ နိုင်ငံရေး အသိအမြင် နည်းပါးမှု၊ လွတ်လပ်မှုမရှိတာတွေကြောင့် တိုင်းရင်းသားတွေရဲ့ ရုန်းကန်မှု၊ ဖြစ်တည်မှုအပေါ် အထင်အမြင်လွဲခဲ့တာ ရှိကောင်းရှိခဲ့ပါတယ်။ (ဒါကလည်း ဗမာလူမျိုးမှ မဟုတ်ဘူး။ တဖက်သတ် ဝါဒမှိုင်း သွတ်သွင်းခံရတဲ့၊ လွတ်လပ်မှုမရှိတဲ့၊ ပညာရေးအားနည်းတဲ့ ဘယ်လူမျိုးမဆိုမှာ အနည်းနဲ့အများ ရှိပါတယ်။ တိုင်းရင်းသားအချို့မှာလည်း မြန်မာလူမျိုးကြီးဝါဒဆိုပြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြေပြန့်က မြန်မာတိုင်းရင်းသားလူငယ်တွေ အသက်စွန့် ဘဝစွန့်ပြီး စစ်တပ်ကို ပြန်တိုက်ဖို့ တိုင်းရင်းသားဒေသကို ရောက်လာကြတဲ့ အခါမှာတော့ သူတို့တွေရဲ့ စိတ်ရင်းတွေကို တိုင်းရင်းသားတချို့ သဘောပေါက်လာခဲ့ကြပါပြီ)။

အဲ့ဒီလို ထင်ယောင်ထင်မှားဖြစ်မိတဲ့ ဖြစ်ရပ်တချို့ထဲမှာ ၂၀၁၅ တုန်းက ကိုးကန့်ကို မြန်မာစစ်တပ်ကတိုက်တဲ့ စစ်ပွဲလည်း ပါပါတယ်။ နဝေတိမ်တောင် ဖြစ်ရသူတွေဟာ မြန်မာစစ်တပ်ကို ထောက်ခံခဲ့ကြတယ်။ အားပေးခဲ့ကြတယ်။ စစ်တပ်ကပဲ သောင်းကျန်းသူရန်ကို ကာကွယ်ပေးသလိုလို အထင်မှားခဲ့ကြတယ်။ တိုင်းရင်းသား လက်နက်ကိုင် ကိုးကန့်ကပဲ သောင်းကျန်းသူလိုလို ထင်ခဲ့ကြတယ်။

ဒါပေမဲ့ အခုအခါမှာတော့ အဲ့ဒီလူအချို့ဟာ အမြင်တွေ ပြောင်းလာခဲ့ကြပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုင်းရင်သားတွေရဲ့ ဘဝအမှန်ကို သေချာစွာ သဘောပေါက်လာခဲ့ပါပြီ။ လက်ရှိမှာ ကိုယ်တိုင်လည်း ကြုံတွေ့နေရပြီမို့ စစ်တပ်ဟာ ဘာလဲဆိုတာ သိလာခဲ့ကြပြီ။ ဟောဒီ ဗမာပြည် ဆင်းရဲနေတာ၊ လွတ်လပ်ခွင့်တွေ၊ တရားမျှတမှုတွေ ပျောက်ဆုံးနေတာဟာ စစ်တပ်ကြောင့်ဆိုတာ သိလာခဲ့ကြပြီ။ ဒီစစ်တပ်ကသာ တိုင်းပြည်ရဲ့ ပြဿနာစစ်စစ်။ ဒီစစ်တပ်ကို ဖယ်ရှားမှသာ တိုင်းပြည် အမှန်တကယ် လွတ်မြောက်မှာလို့ ယုံကြည်လာကြပြီ။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အားလုံး လက်ခံလာကြပြီ။ ဝန်းရံလာကြပြီ။ ပံ့ပိုးလာကြပြီ။

အခု 1027 စစ်ဆင်ရေးမှာဆိုလည်း ညီနောင်သုံးဖွဲ့ကို အားပေးလာကြတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က ငွေကြေးအင်အားနဲ့၊ တခြားသော လုပ်အားတခုခုနဲ့ ဝန်းရံ ထောက်ခံလာကြတယ်။ ကိုးကန့်တပ်က စစ်တပ်ရဲ့စခန်းတွေကို တခုပြီးတခု သိမ်းပြတိုင်း ရင်ထဲမှာ အားရကျေနပ်ကြတယ်။ မျှော်လင့်ချက်ရောင်ခြည်တွေ အရင်ကထက် ပိုသန်းလာခဲ့တယ်။ ပြည်သူကို အရင်တုန်းကရော အခုထိပါ ညှဉ်းပန်းနှိပ်စက်လာခဲ့တဲ့ စစ်တပ်ကကောင်တွေ အတုံးအရုံး သေဆုံးတာ မြင်ရတော့ ကျေနပ်ကြတယ်။ မှတ်ပြီလား သေရဲတဲ့ကောင် ထွက်ခဲ့ဆိုတဲ့ ကောင်တွေ။ တွေ့ပလား။ လက်နက်မဲ့ပြည်သူကို အနိုင်ယူချင်တဲ့ကောင်တွေ။ ဒီကာလမှာ အဲ့ဒီလို မြန်မာအပါအဝင် တိုင်းရင်းသား အချင်းချင်းကြား နားလည်မှုတွေကို အဲ့ဒီလို အကျိုးကျေးဇူးကြီးမားစွာ တွေ့လာကြရပါတယ်။ ဒါဟာ ကြီးမားတဲ့ ကောင်းတဲ့ အတွေးအမြင် ပြောင်းလဲမှုတခုပဲ ဖြစ်ပါတယ်။

ဒုတိယအပြောင်းအလဲ

ကမ္ဘာ့အဆင့် ၃၀ ကျော်ရှိတဲ့ မြန်မာစစ်တပ်။ စစ်သည်အင်အား ငါးသိန်းလောက်ရှိတဲ့ မြန်မာစစ်တပ်။ ခေတ်မီလက်နက် ကိရိယာတွေ၊ နည်းပညာတွေ ပြည့်ဝတဲ့ မြန်မာစစ်တပ်။ နှစ်ပေါင်း ၇၈ နှစ် အတွေ့အကြုံရှိထားတဲ့ မြန်မာစစ်တပ်။

သွားမတိုက်လေနဲ့၊ အကုန်မျိုးကန်းကုန်မယ်။ သွားမစမ်းနဲ့ ဟိုက တကယ်မလုပ်သေးလို့။ ဟိုက စစ်သားစစ်စစ်တွေ။ စသဖြင့် စိုးရိမ်တာလိုလို၊ သွေးခွဲတာလိုလို၊ ပြည်သူတရပ်လုံးပါတဲ့ တော်လှန်ရေးကို အထင်သေး နှိမ့်ချတာလိုလိုနဲ့။ ဒေးဗစ်နဲ့ ဂေါလိယက်တို့ကို သူတို့ မသိလေရော့သလား။

အခုဆိုရင် အဲ့ဒီစစ်တပ် ဘာဖြစ်နေပြီလဲ။ ပြည်သူအားလုံးအသိ။ ပညာရှင်တွေကတော့၊ သုတေသီတွေကတော့ ရာခိုင်နှုန်းနဲ့ တွက်ပြကြတယ်။ အဲ့ဒီစစ်တပ် ကောင်းကောင်း ထိန်းချုပ်နိုင်တာဆိုလို့ နယ်မြေ ၁၅ နှုန်းလောက်ပဲ ရှိတော့သတဲ့။ မြေပြင်တိုက်ပွဲတွေမှာဆိုလည်း နှစ်နှစ်ကျော် သက်တမ်းရှိတဲ့ PDF တွေကို ကောင်းကောင်း မယှဥ်နိုင်တော့တာ အားလုံးအသိ။ အခု ရှမ်းမြောက်လို တိုင်းရင်းသားဒေသတွေမှာဆိုလည်း အတုံးအရုံးသေ။ တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ ပိုးစိုးပက်စက်သေ။ မသေရဲရင် ထွက်ပြေး။ တပ်ရင်းမှူးလည်းပြေး။ အကြပ် တပ်သားလည်းပြေး။ ထွက်ပြေးရင်း သူတို့သခင် အထက်အရာရှိတွေက ပြန်ဖမ်းပြီး ထောင်ချ၊ ပြန်တိုက်ခိုင်း။

အခုဆိုလည်း Operation1027 စတာ လေးရက်ပဲရှိသေးတယ်။ ညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်တာ တပ်စခန်း ၈၀ ကျော်သွားပြီ။ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆန် အမြောက်တွေကလည်း ပွဲတိုင်းလိုလို သိမ်းဆည်းရမိနေတယ်။ စစ်သားတွေကလည်း သေလိုက်တာမှ သောက်သောက်လဲ။ ရာချီရှိပြီဆိုသတဲ့။ သေတဲ့သူတောင် အဲ့လောက်ဆိုမှတော့ ဒဏ်ရာရသူတွေလည်း နည်းနည်းနောနော မဟုတ်တော့ပါဘူး။ အခု ရှမ်းမြောက်မှာ ဘယ်လောက်တပ်ပျက်နေပြီလဲဆိုရင် ရဲစခန်းတွေတောင် မီးမှိတ်ပြီး ဘယ်ချိန်သေရမလဲ ထိုင်စောင့်နေရပြီ။ ကျန်တဲ့ဌာနတွေ ဆိုရင်လည်း ဆိုင်းဘုတ်တောင် မဖော်ပြရဲကြတော့ပါဘူး။ တချို့ဒေသတွေမှာဆို ရဲနဲ့ စစ်သားတွေ ဒေသကို စွန့်ပြေးကြပြီတဲ့။ လာတိုက်ရင်တောင် ပြန်မခုခံနိုင်တော့ဘဲ အဆင်သင့် ထွက်ပြေးကြတဲ့အဆင့်ကို ရောက်သွားပြီ။ ဒါတောင် စစ်ဆင်ရေးက လေးရက်ပဲ ရှိသေးတယ်။ ဒါတောင် ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ PDF တွေတချို့ပဲ တိုက်တာ ရှိပါသေးတယ်။ တနိုင်ငံလုံးအဆင့် မဟုတ်သေးပါဘူး။

အခုဆို မြောက်ပိုင်းသုံးဖွဲ့ဟာ ပြည်သူ့တော်လှန်ရေးထဲ ပါဝင်လာတာ ဖြစ်တဲ့အတွက် မြန်မာပြည်က အင်အားကြီးတဲ့ တော်လှန်ရေး တပ်ဖွဲ့ တော်တော်များများ စုံလင်လာပါပြီ။ ရခိုင်ဒေသကလွဲရင် စစ်တပ်ဟာ မြန်မာနိုင်ငံတဝန်း စစ်မျက်နှာအသီးသီးကို ရင်ဆိုင်နေကြရပါပြီ။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့အားလုံး တပြိုင်တည်း ထကြွတော်လှန်ကြဖို့ အချိန်ပဲ ကျန်ပါတော့တယ်။ PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့‌တွေ အကုန်လုံး အချိတ်အဆက်မိမိနဲ့ တသံတည်းညီ တချီတည်း ရုန်းကြမယ်ဆိုရင် အလဲလဲ အကွဲကွဲနဲ့ ဖရိုဖရဲ ဖြစ်နေပြီဖြစ်တဲ့ စစ်တပ်ဟာ ဧကန်မုချ ပျက်သုဥ်းတော့မှာ အမှန်ပါပဲ။

ဘယ်မလဲ အဆင့် ၃၀ ကျော် မြန်မာစစ်တပ်။

ဘယ်မလဲ တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ စတန်းဒက်အာမီ။

ဘယ်မလဲ မြန်မာစစ်တပ်ကို သွားမစလေနဲ့ ဆိုတဲ့ ဘေးထိုင်ဘုပြောတွေ။

၁၀၂၇ စစ်ဆင်ရေးက ပြသလိုက်တာကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေသာ တကယ်ညီညီညွတ်ညွတ်နဲ့ ပြည်သူ့အတွက် တကယ်တိုက်ပါ။ စစ်တပ်ဟာ သေချာပေါက် ကျရှုံးမှာပါဆိုတဲ့ သင်ခန်းစာပါပဲ။ ဒါဟာ တခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက်ပါ အရေးကြီး‌တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024