Home
မြန်မာသတင်း
ဒီပဲယင်းနှင့် မုန်းမြို့နယ်တို့တွင် စစ်တပ် လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
DVB
·
November 2, 2023

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် ရွှေကြီးမင်းဆီဆိုင်ကနေ ဒီပဲယင်းမြို့နယ်ဘက်ကို နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ ကျရောက်ခဲ့တာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ 

“သေတာက ကျနော့်မိန်းမပါဗျ။ အသက်က ၄၃ နှစ်ပါ။ အမည်က ချယ်ရီအေးပါ။ သူ့အမဆီ အလည်သွားရင်း စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျပြီး ဦးခေါင်းကွဲထွက်ဒဏ်ရာနဲ့ သေဆုံးသွားတယ်ဗျ။ ကျန်တဲ့ ၅ နှစ်အရွယ် ကျနော့်တူလေးရယ်၊ ကလေးအမေရယ်လည်း ဒဏ်ရာပြင်းထန်ရတယ်။ နောက်ထပ် ဒဏ်ရာရတဲ့ ၃ ဦးကတော့ သိပ်မစိုးရိမ်ရဘူး။ လက်နက်ကြီးက အိမ်ပေါ်ကျပြီး အိမ်လည်းပျက်စီးသွားတယ်။” 

စစ်ကောင်စီတပ်က ရေဦးမြို့ သင်္ချိုင်းကုန်းမှာ စစ်သားတဦး သင်္ဂြိုဟ်နေတာကို လုံခြုံရေးယူပေးရင်း အခုလို ရမ်းသန်းပစ်ခတ်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်ယက်ကုန်းကျေးရွာဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်ယက်ကုန်း စာသင်ကျောင်းကို လေကြောင်းကနေ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ရပါတယ်။

ကရင်အမျိုးသားအစည်းရုံး၊ ကေအန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရတာကို ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက် နေ့လယ်မှာ ခမရ-၄၃၉ တပ်ရင်းက မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ပျဥ်းမကျေးရွာမှ နေအိမ်ကိုထိမှန်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် နော်ဒါးဖော ညာဘက်ဒူးပြတ်ထွက်သွားပြီး သေဆုံးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းရုံးပြောခွင့်ရ ပဒိုစောကလယ်စေးက ''စစ်ကောင်စီဘက်က ကျနော်တို့ရဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ကိုပဲ ကွက်ပြီးပစ်နေတာတော့မဟုတ်ပါဘူး။ ကျန်တဲ့ တပ်မဟာခရိုင်တွေကို သူတို့အခွင့်သာရင်သာသလို လက်နက်ကြီးနဲ့လှမ်းပြီးပစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက် ကြောက်ရွံ့အောင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်နဲ့ အမြဲတမ်း ဆောင်ရွက်နေတာ'' လို့ ပြောပါတယ်။

အဆိုပါနေ့မှာပင် ရေလဲ (အရှေ့ဘက်ကမ်း) ကျေးရွာ မှ နော်အယ်စေး ဘယ်ဘက်ပေါင်နဲ့ ခြေသလုံး (ကျည်ထိမှန်) နဲ့ နော်စေးလာဝါး ညာဘက်လက်ညှိုးမှာ (ကျည်ထိမှန်) အသီးသီး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ကလည်း စစ်ကောင်စီတပ်က နတ်သံကွင်း တံတားကနေ လက်နက်ကြီးနဲ့ ကျေးရွာအတွင်းပစ်ခတ်လို့ သပြေကုန်းကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၆ နှစ်အရွယ် စောပဲပဲ လက်နက်စမှန် ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က MI-35 ရဟတ်ယာဥ် နဲ့ ရေလဲ(အရှေ့ဘက်ကမ်း)ရွာ နဲ့ ရေလဲ (အနောက်ဘက်ကမ်း) ရွာတွေဘက်နဲ့ စစ်တောင်းမြစ်ကမ်းစပ်တလျှောက် ကျေးရွာ ၇ ရွာကို ဆက်တိုက်ပစ်ခဲ့တဲ့အတွက် ရွာသားတွေ ကျေးရွာအတွင်းမနေရဲဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024