Home
ဆောင်းပါး
ဘာသာရေးအသုံးချ အမုန်းစကားဖြန့်ချိတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်လက်နက်
DVB
·
November 1, 2023

အသက် ၃၅ နှစ်အရွယ် မဝတ်ရည် (အမည်လွှဲ)နဲ့ သူ့ရဲ့အမျိုးသားဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှာ သီတဂူဆရာတော်နဲ့ပတ်သက်ပြီး ဝေဖန်ရေးသားထားတဲ့ Screen shot တွေနဲ့အတူ သာသနာကို ညှိုးနွမ်းစေတဲ့ အရေးအသားတွေကြောင့် ဖမ်းဆီးအရေးယူသင့်ကြောင်း အိမ်လိပ်စာ၊ ဆိုင်လိပ်စာအတိအကျနဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့်မှာ ပို့စ်တက်လာခဲ့တာကြောင့် ညတွင်းချင်းပဲ ရှိတာအကုန်ထားခဲ့ပြီး လွတ်မြောက်ရာ နေရာတခုကို ထွက်ပြေးလာခဲ့ရပါတယ်။

အစိုးရဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ မဝတ်ရည်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဝန်ထမ်းဘဝကနေ အလုပ်ထွက်ကာ ကိုယ်ပိုင်အပ်ချုပ်ဆိုင်လေး စတင်ဖွင့်ထားသူဖြစ်ပြီး သူ့ရဲ့လုပ်ငန်းလေးက အောင်မြင်တဲ့ လုပ်ငန်းတခု ဖြစ်လာခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းချိန်မှာလည်း ဆိုင်ကို တလလောက် ပိတ်ပြီး ဒီလုပ်ငန်းကိုပဲ ဆက်လက်လုပ်ကိုင်ဖြစ်ရင်း ပြည်တွင်းမှာပဲ ဆက်လက် နေထိုင်နေတာပါ။

မဝတ်ရည်ရဲ့ ခင်ပွန်းကတော့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ကားအရောင်းအဝယ်လုပ်သလို ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုဖြစ်တော့ မတရားမှုကို လက်မခံနိုင်တာကြောင့် ဆန္ဒပြပွဲတွေမှာ လင်မယားနှစ်ယောက်လုံး ပါဝင်ခဲ့သလို လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ကိုယ်ပိုင်အမြင်တွေကို ပို့စ်ရေးသား တင်ခဲ့သလို ရှဲတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

သူတို့အနေနဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို public နဲ့မဟုတ်ဘဲ privacy နဲ့ အသုံးပြုပေမဲ့ စစ်ကောာင်စီလက်ပါးစေ တယ်လီဂရမ်အကောင့်တွေဆီကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာက ဓာတ်ပုံတွေ၊ ရေးသားထားတဲ့စာတွေ  Screen shot နဲ့ရောက်ရှိသွားချိန်မှာတော့ တချိန်က အစိုးရဝန်ထမ်းလည်းဖြစ် လက်ရှိမှာ CDM ဖြစ်သလို ဘာသာရေးအရ စော်ကားတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်လော်ဘီတွေက  ပို့စ်တွေတင်ပြီး ဖမ်းဆီးခိုင်းခဲ့လို့ မဝတ်ရည်တို့ ဇနီးမောင်နှံ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

 “ကျမတို့ဆိုင်လေး သူ့ဘာသာသူ အဆင်ပြေနေတော့ အမြင်မကြည်တဲ့ တယောက်ယောက်က ပို့စ်တွေကို  Screen shot ရိုက်ပြီး သတင်းပို့လိုက်တာ ထင်ပါတယ်။ မနှစ်က ဇန်နဝါရီလ အတွင်းမှာ စစ်ကောင်စီဘက်တော်သား တယ်လီဂရမ်ချန်နယ်တခုမှာ ကျမတို့လင်မယား သတင်းနဲ့ ပုံတွေတက်လာပြီး ရုတ်တရက် ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဆိုင်က စက်တွေနဲ့ ပိုင်ဆိုင်တာတွေ အကုန်ကို နေ့တွင်းချင်း အသိမိတ်ဆွေတွေကို အကူအညီတောင်းခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရင်း တပတ်အတွင်းမှာ လွတ်မြောက်နယ်မြေဖြစ်တဲ့ နယ်စပ်ကို ထွက်ပြေးလာခဲ့ရပါတယ်”လို့  မဝတ်ရည်က ပြောပြပါတယ်။

၂၀၂၃ ခုနှစ်မှာ ၉ လအတွင်း စုဆောင်းထားတဲ့ အချက်အလက်တွေအရ ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်နဲ့ Tik tok ချန်နယ်တွေကနေ  သီတဂူဆရာတော်နဲ့ ဗန်းမော်ဆရာတော်တို့ကို ဝေဖန်မှု၊ မာရဝိဇယဘုရားကြီးနဲ့ သက်ဆိုင်ပြီး ဝေဖန်သုံးသပ်မှု၊ Tik tok မှာ ဘာသာရေးကို ပြောဆိုဝေဖန်မှုတွေကြောင့်လို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေက တဆင့် ရေးသားသူ အကောင့်ပိုင်ရှင် (ပြည်သူ) တွေကို ခြိမ်းခြောက်ဖမ်းဆီးခိုင်းမှု ၂၂ ဦးအထိရှိခဲ့ရာ ၅ ဦးကို အမှန်တကယ် ဖမ်းဆီးအရေးယူခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် အတွင်းမှာတော့ အမုန်းစကားနဲ့ တိုက်ခိုက်မှုဟာ အခုထက် ၃ ဆနီးပါး ပိုများနိုင်တယ်လို့ Beautifier of Diversity အဖွဲ့က ခန့်မှန်းထားပါတယ်။

၂၀၂၁ ခုနှစ်ကနေ ခု ၂၀၂၃ ခုနှစ်အတွင်း အမုန်းစကားတွေနဲ့ လူမှုကွန်ရက်တွေမှတဆင့် အဖွဲ့အစည်းတွေသာမက လူပုဂ္ဂိုလ်တွေကိုပါ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်ကတော့ အများဆုံးနှစ်တနှစ်လို့ သုံးသပ်နိုင်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ် အများစုမှာ အမုန်းစကားနဲ့ တိုက်ခိုက်တာတွေ ဖမ်းဆီးခိုင်းတာတွေ အများကြီးတွေ့လာရတယ်လို့ Beautifier of Diversity အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်ကောင်စီဘက် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ တယ်လီဂရမ်အကောင့်တွေမှာ PDF တွေကြောင့် ဘုန်းကြီးတွေ အသတ်ခံရတယ်။ KNU, KIA တွေက စစ်ကိုင်းမှာ လာရောက်တိုက်ခိုက်နေပြီး ဗမာ ဗမာချင်း ရန်တိုက်ပေးနေသလို ခရစ်ယာန်တွေ အမြတ်ထွက်သွားတယ် ဆိုတဲ့ အမုန်းစကားတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်လာတာ တွေ့ရပါတယ်။ ခုလို စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေ တာတွေက မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံဖြစ်အောင် လုပ်နေတာ။ ဗမာအချင်းချင်း အမုန်းပွားအောင် လုပ်နေတာဆိုတဲ့ သတင်းအမှားလွှင့်တာတွေ အမုန်းစကားတွေ အများဆုံး တွေ့ရပါတယ်” လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် နွေဦးတော်လှန်ရေးကာလ နှစ်နှစ်ကျော်အတွင်းမှာ ဘာသာရေးခုတုံးလုပ် တိုက်ခိုက်မှုတွေ၊ မတရားမှုတွေကြောင့်၊ တိုက်ပွဲကို ဝင်ရောက် လက်နက်ကိုင်သွားတဲ့ လူငယ်တွေကြောင့် အစ္စလာမ်ဘာသာဝင် အယောက် ၈၀ နီးပါး သတ်ဖြတ်ခံခဲ့ရကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင် ကွန်ရက်ကလည်း မှတ်တမ်းပြုစုထားတာတွေ ရှိပါတယ်။

၁၉၆၂ မတိုင်ခင် ဗိုလ်ချုပ်နေဝင်း ခေတ်ကတည်းက စစ်တပ်ကနေ ဝါဒဖြန့်ချိတာ၊ အမုန်းစကားနဲ့ သွေးခွဲလှုံ့ဆော်တာတွေ လုပ်ဆောင်ခဲ့တာ၊ လူနည်းစုအစ္စလာမ်ဘာသာဝင်တွေကို ပိုမိုတိုက်ခိုက်တာ၊ ဘာသာရေးအရ သွေးခွဲတာတွေ တောက်လျှောက်လုပ်ခဲ့သလို အခုရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဆိုပါနည်းလမ်းအတိုင်းပဲ စစ်အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရည်ရွယ်လုပ်ဆောင်တာလို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်ခေါင်းဆောင် တဦးဖြစ်တဲ့  ဦးထွန်းကြည်က  ပြောပါတယ်။

“စစ်ကောင်စီက တိုင်းပြည်နဲ့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တဲ့စစ်တပ် ဆိုပြီး ပုံဖော်တယ်၊ အဲဒီအပေါ်မှာ ဘာသာရေးကဏ္ဍထဲက မင်းဆရာအဖြစ် ခံယူချင်တဲ့ ဘုန်းကြီး ဆရာတော်တွေကို မင်းဆရာအဖြစ် သူတို့က နေရာပေးတယ်။ သီတဂူတို့ အရှင်ဆေကိန္ဒတို့လို ဘုန်းကြီးတွေပေါ့။ သူတို့ကို ဘုန်းတော်ကြီးတွေက ဘာပြန်လုပ်ပေးလဲဆိုတော့ သာသနာပြုမင်း ဆိုပြီး ပြန်လည်ပြောဆိုပြီး အဲဒီလိုပုံစံနဲ့ အပြန်အလှန် အမှီသဟဲပြုတာတွေ တွေ့ရတယ်။”

အဲဒါကြောင့် ဘုန်းတော်ကြီးတွေကို ဝေဖန်ပြောဆိုတာတွေ လုပ်ခဲ့ရင် အစွန်းရောက် အကြမ်းဖက်စစ်အုပ်စုဘက်ကနေ ပုဒ်မအမျိုးမျိုးတပ်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်လာတယ်။

တကယ်တမ်း လက်တွေ့အခြေအနေမှာ အကြမ်းဖက်မှု ပြုလုပ်နေတာက စစ်ကောင်စီဖြစ်နေသလို သာသနာကို ညှိုးနွမ်းစေနေတာလည်း စစ်ကောင်စီကိုယ်တိုင် ဖြစ်နေတာကြောင့် လက်ရှိအခြေအနေက စစ်ကောင်စီကြောင့် ဘာသာပေါင်းစုံရဲ့ သာသနာကို ညှိုးနွမ်းစေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အမုန်းစကားနဲ့ တိုက်ခိုက်တဲ့အခါ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကို ပစ်မှတ်ထားလေ့ရှိပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ လက်နက်ကိုင် အင်အားစုတွေအပြင် နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို သွေးကွဲစေဖို့ အဓိကဦးတည် တိုက်ခိုက်လေ့ရှိတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေများတဲ့ ချင်း၊ ကချင်၊ ကရင်လူမျိုးတွေနဲ့  ဗုဒ္ဓဘာသာဝင်တွေအကြား မသင့်မမြတ်ဖြစ်အောင် စစ်တပ်လော်ဘီတွေက  ဘာသာရေးကို အသုံးချပြီး သွေးထိုးလှုံဆော်နေတာတွေလည်း ရှိပါတယ်။

Myanmar Cultural Research Society မှ သုတေသီ ကိုရဲဟိန်းအောင်က “စစ်ကောင်စီက နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားသူတွေကို ကွန်မြူနစ်ဆိုတဲ့ အမုန်းစကား သုံးနှုန်းတာမျိုး၊ ကေအိုင်အေသတင်းတွေ ဖော်ပြတဲ့အခါ ကေအိုင်အေ ကွန်မြူနစ် ဆိုတဲ့ပုံစံနဲ့ ဖော်ပြတာတွေ တွေ့လာရပါတယ်။ မြန်မာစစ်တပ်က ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုကို ကာကွယ်နေပါတယ်ဆိုတဲ့ ပုံစံကို ထူထောင်ပြီး ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေအပေါ်မှာ မှန်မှန် မှားမှား တဖက်သတ် ဖမ်းဆီးအရေးယူတာတွေ သိသိသာသာ လုပ်လာတာတွေ တွေ့ရတယ်။ အဓိကတော့ တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် ဖမ်းဆီးခိုင်းတာ အရေးယူတာတွေ လုပ်တယ်။ အထူးသဖြင့် မြန်မာစစ်တပ် မရှိရင် ဗုဒ္ဓဘာသာက ပြိုလဲသွားမယ်ဆိုတဲ့ ဝါဒဖြန့် ကိုင်တွယ်နေတယ်”လို့ ပြောပါတယ်။

ဘုန်းတော်ကြီးတွေကို စစ်ကောင်စီက ကြည်ညိုလေးစားသလို ဟန်ပြထားပေမဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးကဏ္ဍတွေမှာ စစ်တပ်ကို ထိခိုက်စေတဲ့ စကားအပြောအဆိုမျိုးရှိခဲ့ရင်တော့ လူပုဂ္ဂိုလ် ဘုန်းတော်ကြီးပါ မခွဲခြားဘဲ ဖမ်းဆီးသတ်ဖြတ်တဲ့ လုပ်ရပ်တွေက စစ်တပ်အတွက် ယဉ်ပါးတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။ နိုင်ငံရေးမှာ ပြဿနာဖြစ်ပွားမှု အကြီးဆုံးနဲ့ အန္တရာယ်အများဆုံး ကဏ္ဍက ဘာသာရေးဖြစ်လို့ ဘာသာရေးနဲ့ပတ်သက်တဲ့ ကိုင်တွယ်မှုတွေမှာ အငြိမ်းချမ်းဆုံးနဲ့ အထိရောက်ဆုံး ကိုင်တွယ်ပြောဆိုနိုင်ဖို့ လိုသလို ဘာသာရေးဟာ ထိလွယ်ရှလွယ်ဖြစ်လို့ သတိကြီးကြီးထားဖို့ လိုတယ်လို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ကိုရီးယားနိုင်ငံရောက် ဒယ်ဂူးဘုန်းဘုန်းက သုံးသပ်ထားပါတယ်။

ဒယ်ဂူးဘုန်းဘုန်းက“မြန်မာနိုင်ငံရေးမှာက သမိုင်းအစဉ်အလာအရ နိုင်ငံရေးမကောင်းရင် ဘာသာရေးကို ခုတုံးလုပ်တာက အစဉ်အလာလို ဖြစ်နေတာ။ စကစရဲ့ ဘာသာရေးလုပ်ငန်းတွေကို သုံးသပ်ရရင်တော့ အယောင်ပြလုပ်ငန်းတွေလို့ပဲ မြင်တယ်။ ခုဆို မာရဝိဇယဘုရားကို တည်ပြီး သာသနာပြုမင်း ပုံစံမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပေမဲ့ တဖက်မှာတော့ တည်ပြီးသား ဘုရားတွေ၊ တန်ခိုးကြီး ရှေးဟောင်းအစဉ်အလာဘုရားတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပြီး သူတို့ကြောင့် ပျက်စီးသွားတဲ့ ဘုရားတွေကို တွေ့နေရတယ်။ ဒါတွေကိုကြည့်ရင် ဒါတွေဟာ ဟန်ပြလုပ်ငန်းတွေလို့ပဲ မြင်ပါတယ်” လို့ မိန့်ပါတယ်။

မြန်မာစစ်တပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တည်းက ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ ပုံရိပ်ကို တည်ထောင်ထားတာဖြစ်ပြီး အဲဒီပုံရိပ်ကို သက်သေပြနိုင်ဖို့ သတင်းမှားတွေ လုပ်လေ့ရှိသလို ရာဇဝတ်မှု ကျူးလွန်ပြီး အချင်းချင်းကြား အမုန်းစကားတွေနဲ့ ရန်တိုက်ပေးတာတွေ လုပ်လေ့ရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်မှာတော့ ပြည်သူတွေက နွေဦးတော်လှန်ရေးနဲ့အတူ ဘာသာရေးနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အတွေးအမြင်နဲ့ ပွင့်လင်းမှုတွေ ပေါ်ပေါက်လာခဲ့တာကို တွေ့မြင်လာရကြောင်း ကိုရဲဟိန်းအောင်က လေ့လာတွေ့ရှိမှုတွေကို ပြောပါတယ်။

အမုန်းစကားနဲ့ တိုက်ခိုက်မှုတွေကို လူပုဂ္ဂိုလ်တဦးချင်းကိုဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတခုခုကို ဖြစ်ဖြစ် တိုက်ခိုက်တာကို လက်မခံသင့်သလို တော်လှန်ရေးအင်အားစုကပဲ လုပ်လုပ်၊ အာဏာရှင်အုပ်စုကပဲ လုပ်လုပ် အမုန်းစကားတွေကို လက်မခံသင့်ကြောင်းနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည်မှာ အထူးသဖြင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာနဲ့ ဖိုဝါဒကို အားပေးတဲ့စနစ်ကို တောက်လျှောက် တည်ဆောက်လာကြတာကိုလည်း လေ့လာတွေ့ရှိရကြောင်း ကိုရဲဟိန်းအောင်က ဆက်လက်ပြောဆိုပါတယ်။

“လူ့အဖွဲ့အစည်းတွေကြား အမုန်းစကားနဲ့ တိုက်ခိုက်တဲ့အခါ အမုန်းပွားတာ၊ တဖက်နဲ့တဖက် မယုံကြည်တာတွေ ဖြစ်လာနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။ အဖွဲ့အစည်း လူမျိုးရေးကို အမုန်းပွား တိုက်ခိုက်တာက အန္တရာယ်ကြီးတာကြောင့် လူပုဂ္ဂိုလ်တဦးချင်းကို တိုက်ခိုက်တာက အရေးမကြီးဘူးလို့ မမြင်စေချင်ဘူး။ လူပုဂ္ဂိုလ် တဦးချင်းစီကို ဝေဖန်တာ၊ ထောက်ပြတာ နိုင်ငံရေးရပ်တည်ချက် ကွဲလွဲတာတွေကို ပြောနိုင်ဝေဖန်နိုင်ခွင့် ရှိပေမဲ့ သူ့ရဲ့ ဘာသာရေး လက်ခံယုံကြည်မှုဆိုင်ရာ ဖြစ်တည်မှု၊ သူ့ရဲ့ နိုင်ငံရေးဆိုင်ရာ အတွေးအခါ် အခြေတည်မှုတွေကို အမုန်းစကားနဲ့ တိုက်ခိုက်တာကိုတော့ မလုပ်သင့်တဲ့အရာလို့ သုံးသပ်ချင်ပါတယ်”လို့ ကိုရဲဟိန်းအောင်က ဆိုပါတယ်။

ခင်နှင်းဖြူစိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024