ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါတယ်။
နန့်တိမ်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် KIA က ဘွမ်ရာယန်ကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “စစ်တပ်က စစ်ကြောင်းထိုးလာတာကို မနက် ၈ နာရီလောက်က ဘွမ်ရာယန်ကျေးရွာနားမှာ စောင့်တိုက်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ အခုထိလည်း ပစ်နေတုန်းပဲ။ အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး။ ရွာကသူတချို့ကတော့ စစ်ရေး စတင်လှုပ်ရှားကတည်းက ရှောင်နေကြပြီ” လို့ ပြောပါတယ်။
နန့်တိမ်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ ခြေလျင်တပ်ရင်း ခလရ-၇၆ တပ်ကို KIA တပ်မဟာ-၉၊ တပ်ရင်း-၆ တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။