Home
မြန်မာသတင်း
ထားဝယ်အကျဉ်းထောင် ဝန်ထမ်း ၂ ဦး အသတ်ခံရ
DVB
·
November 1, 2023

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှ ထောင်ဝန်ထမ်း ၂ ဦးကို အောက်တိုဘာ ၁ ရက်နေ့မှာ ဘုရားမဲ စစ်ကောင်စီဂိတ်နဲ့ ပေ ၁,၀၀၀ ခန့်အကွာမှာ ရှင်းလင်းလိုက်တယ်လို့ Dawei Guerrilla Revolutionary Force (DGRF) တပ်ခွဲ-၂ က အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက် ညနေမှာ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ထားဝယ်အကျဥ်းထောင်မှ ထောင်ဝန်ထမ်း ၂ ဦး၊ အကျဥ်းသား ၅ ဦး ပါတဲ့ကားကို ကြိုစောင့်ပြီး ဖမ်းခဲ့တယ်လို့ DGRF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အကျဥ်းသား ၅ ဦးမှာ ရဲပြေး ၁ ဦး၊ စစ်ပြေး ၂ ဦး၊ ကားမှောင်ခိုမှု ၁ ဦးနဲ့ လူမှုရေးဖောက်ပြန်မှု ၁ ဦး ​ဖြစ်ပါတယ်။

DGRF ပြန်ကြားရေးတာဝန်ခံက “ရှင်းလင်းလိုက်တဲ့ ထောင်ဝန်ထမ်းနှစ်ဦးမှာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်နေကြောင်း သိရှိရတာနဲ့ အကျဥ်းထောင်အတွင်း နိုင်ကျဥ်းတွေကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ အတွက်ကြောင့်ပါ။ တခြား ပြောပြမရတဲ့အချက်တွေ၊ တိုင်တန်းမှုတွေကြောင့်ရောပါ ရှင်းလင်းလိုက်တယ်” လို့ ပြောပါတယ်။

အကျဥ်းသား ၅ ဦးကို ခေါ်ထားဖို့ အဆင်မပြေလို့ ထိုင်းနိုင်ငံကို ပို့ဆောင်ပေးလိုက်ပြီး သူတို့လုံခြုံတော့မှ ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးမှုအတွင်း ကား ၁ စီး၊ ချိန်းဇောစက် ၁ ခု၊ တက်တူးစက် ၁ ခုနဲ့ ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

DGRF အနေနဲ့ လုပ်နိုင်သမျှတော့ စစ်ကောင်စီနဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်နေမှာဖြစ်ပြီး ပြည်သူတွေ့ရဲ့ ပံ့ပိုးမှုတွေကိုလည်း လိုအပ်လို့ ဝိုင်းဝန်းကူညီပေးကြပါလို့ ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024