ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြို့ပေါ်ရပ်ကွက် တချို့မှာ အောက်တိုဘာ ၃၀ ရက် ညကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်မြို့ မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(က-ခ) စတဲ့ရပ်ကွက်တွေနဲ့ ဗိုလ်ချုပ်လမ်းတလျှောက် ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။
အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးမှုကြောင့် အနိမ့်ပိုင်းရှိ နေအိမ်တွေ ရေဝင်ရောက်ခဲ့ပြီး အခက်အခဲလည်း ရှိနေတယ်လို့ တာချီလိတ် ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညကတည်းက မိုးက အရမ်းရွာပြီး ရေတွေဝင်လာတာ။ အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေ တော်တော်များများဝင်ပြီး လူမှုကူညီရေးအသင်း အကူအညီတွေနဲ့ တချို့ ပြောင်းရွှေ့တာတွေ ရှိတယ်။ အခုက မိုးလည်းမရွာတော့ဘဲ ရေလည်းငြိမ်နေပြီး တချို့နေရာတွေဆို ရေပါကျနေပြီ။ အချိန်အခါမဟုတ်ဘဲ မိုးရွာတော့ အခက်အခဲတွေတော့ ရှိတာပေါ့။ ရေကျရင်တောင် သန့်ရှင်းရေးတွေ လုပ်ရဦးမယ်။”
မယ်ဆိုင်ချောင်း ရေလျှံတာကြောင့် တာချီလိတ်မြို့အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပါ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
တာချီလိတ်မြို့မှာ သတ္တုတူးဖော်ရေးလုပ်တွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး မကြာခဏ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။