Home
မြန်မာသတင်း
လျှော်ဖြူကုန်းရွာကို စစ်တပ်က မီးရှို့၊ ထီးချိုင့်ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်နေရ၊ ကျောက်ထု-မင်းတပ်လမ်း လုံခြုံရေးတင်းကျပ်
DVB
·
November 1, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊ ဇီးကနားရွာအုပ်စု၊‌ ‌လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ အထိုင်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကြောင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ဒေသခံရွာသားတဦးက “စစ်ကောင်စီတွေက ကျနော်တို့ရွာကို မီးရှို့တာ ဒီအကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် ရှိနေပြီဗျ။ ၂၀၂၂ ဇွန်လ ၆ ရက်နေ့က တကြိမ် မီးရှို့တာ ခံခဲ့ရတယ်ဗျ။ အဲဒီအကြိမ်ကတော့ ကျနော်တို့ရွာက နေအိမ်အလုံး ၂၀၀ နဲ့ စပါးကျီတိုက် ၃၅ လုံး မီး‌လောင်ဆုံးရှုံးတယ်ဗျ။ ဒုတိယအကြိမ်ကတော့ ၂၀၂၃ ဧပြီလ ၂ ရက်နေ့က တကြိမ် မီးရှို့ခံရတယ်။ အဲဒီအကြိမ်က နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ အခု တတိယအကြိမ်ကတော့ ရွာကိုမီးရှို့ပြီး ရွာထဲကနေ မထွက်သေးတာကြောင့် ပျက်စီးတဲ့နေအိမ် အလုံးအ‌‌ရေအတွက်ကတော့ အတိအကျ မသိရနိုင်သေးဘူးဗျ။ ဘာလို့ အခုလို မီးရှို့လဲဆိုတော့ဗျာ ဒီစစ်ကောင်စီနဲ့ ပျူတွေကတော့ သူတို့မထင်ရင် ဘာအကြာင်းပြချက်မှမရှိလည်း ထင်တဲ့အတိုင်း မီးရှို့နေကြတာပဲဗျ။ အခုလို ရွာ‌တွေကို မီးရှို့တာက အခုတကြိမ်မှ မဟုတ်တာ၊ ဒါနဲ့ဆိုရင် ၃ ကြိမ်အထိ ရှိနေပါပြီဗျာ” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်မြောက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အကြိမ်ကြိမ် စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့‌နေကြောင့် ပြည်သူ အများအပြား နေရပ်စွန့်သွားသူတွေ ရှိနေပြီး စီးပွားရေး မပြေလည်သူတချို့ကတော့ နီးစပ်ရာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့  ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်း မဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

အောက်တိုဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “အရင်ကာလတွေတုန်းကလည်း တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးပေမဲ့ အခုဖြစ်တဲ့တိုက်ပွဲက ပိုပြင်းထန်တယ်။ တိုက်ပွဲဖြစ်ပြီဆို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်၊ လေကြောင်းကနေ ဗုံးကြဲနေတော့ ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာရှောင်ရတယ်။ ထီးချိုင့်မြို့ပေါ်က ဆွေမျိုးသားချင်းအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ လာရောက် တိမ်းရှောင်နေကြတယ်။ မြို့ပေါ်မှာတင် လာရောက်တိမ်းရှောင်နေကြတဲ့သူတွေ အားလုံးပေါင်း ၁,၀၀၀ ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA/AA အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မော်ကွန်းတောင် အနောက်ဘက်ခြမ်း တောင်ရိုးတလျှောက်နဲ့ မင်းဝံတောင်ရိုးတလျှောက်မှာ လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတဦးက “မော်ကွန်းတောင် အနက်ဘက်ခြမ်းမှာဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာတယ်။ အောက်တိုဘာ ၃၀ ရက်နေ့က  ဒဏ်ရာရတဲ့သူတွေကို သယ်ထုတ်တဲ့ စစ်ကြောင်းက ဒိုးပင်ကျေးရွာနားအရောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ အဲ့ဒီစစ်ကြောင်းက ဒဏ်ရာရတဲ့သူတွေကို ထီးချိုင့်ဆေးရုံပို့မှာကို တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်တာ။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်လို့ PDF ဘက်က ‌တဦး ကျသွားတယ်” လို့ ပြောပါတယ်။

ထီးချိုင့်မြို့နယ် မော်ကွန်းတောင်ရိုးတလျှောက်မှာ အောက်တိုဘာ ၂၇ ရက် မနက် ၈ နာရီ ၂၂ မိနစ်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့စဉ် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေကာ စစ်ကောင်စီဘက်ကလည်း အထိအခိုက် အကျအဆုံးများကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အထိအခိုက် အကျအဆုံးရှိခဲ့ပြီး အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ အတူ တိုက်ပွဲအရှိန်အဟုန် ဆက်လက်မြင့်တက်နေကြောင်း Tigyaing Revolution TR က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နဲ့ ချင်းပြည်နယ် မင်းတပ်မြို့ကို ဆက်သွယ်ထားတဲ့ ကျောက်ထု-မင်းတပ်ကားလမ်းကို ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်က လုံခြုံရေး တင်းကျပ် ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ နှောင်းပိုင်းကစပြီး မင်းတပ်-ကျောက်ထု ကားလမ်းမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လူ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အဝင်အထွက်တွေကို စနစ်တကျ စစ်ဆေးနေတယ်လို့ CDF-မင်းတပ်ထံက သိရပါတယ်။

လမ်းတလျှောက် စစ်ဆေးနေပေမဲ့ တချို့ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်ထက် ကျော်ပြီး ဖြတ်သန်းသွားလာတာတွေ ပြုလုပ်နေတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

CDF-မင်းတပ် တာဝန်ရှိသူက “ဒီကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မြေပြန့်ဘက်ကနေ ချင်းတောင်ကို တိတ်တဆိတ်တက်လာတဲ့ အခြေအနေတွေ ရှိနေတယ်။ နောက်ပြီး စစ်ကောင်စီက မင်းတပ်မြို့တွင်းမှာ ဖမ်းဆီးမှုတွေ တောက်လျှောက်လုပ်နေတဲ့ သတင်းတွေ သိရပါတယ်။ အဓိကအားဖြင့် ဒီလိုကိစ္စတွေကြောင့် ကျောက်ထု-မင်းတပ် လမ်းပိုင်းကို လုံခြုံရေး တိုးမြှင့်ချထားတဲ့ အနေအထား ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြို့ခံပြည်သူတွေအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က သတ်မှတ်ထားတဲ့အချိန်ထက် လွန်ပြီး ဖြတ်သန်းသွားလာပါက CDF-မင်းတပ်အနေနဲ့ လုံးဝတာဝန်ယူမှာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024