ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ K.N.L.A ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁၂ ယောက် သေဆုံးကာ ကလေးငယ်အပါအဝင် ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီလောက်က စတင်ပြီး ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးရယူထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်၊ ခလရ ၉၇၊ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တံတားဦးရပ်ကွက်နဲ့ ကြာအင်းကုန်းရပ်ကွက်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၁၂ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
မြို့ခံပြည်သူတစ်ဦး “ပထမရက်မှာ ၉ ဦး သေတယ်။ ဒုတိယရက်မှာ တံတားဦး ကုလယ်ဘုရားကျောင်းနားမှာ ၃ ဦး သေဆုံးတယ်။ အားလုံး ၁၂ ဦး။ ကျတာက တံတာဦးနဲ့ ကြာအင်းကုန်းမှာ ကျတာများတယ်။ ထိခိုက်ဒဏ်ရာရတာလဲ အဲဒီမှာများတယ်"လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြည်သူတွေ ထိခိုက်မှုမရှိအောင် တိုက်ပွဲဖော်ဆောင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံပြည်သူတစ်ဦးက “သူတို့ကို တဖက်က ၅ ရက်လောက် ရှောင်ခိုင်းတယ်လေ။ သူတို့ မရှောင်တော့ တိုက်ပွဲဖြစ်တော့ ထိကုန်တယ်။ တချို့က သူတို့နေရာဆိုတော့ သူတို့ မရှောင်ချင်ဘူးလေ။ လက်နက်ကြီးပစ်တော့ ထိတယ်။ ဒီတခေါက် ထိတာက မြို့ထဲမှာထိတာ များတယ်"လို့ ပြောပါတယ်။
မြို့ခံလူမှုကူညီအသင်းတွေက ထိခိုက်ဒဏ်ရာရရှိသူတွေကို ဘားအံတောင်ကလေး စစ်ဆေးရုံကိုပို့ ဆောင်ပေးထားပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို တော့ မသိရသေးပါဘူး။
အောက်တိုဘာ ၂၉ ရက် ညပိုင်းကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ နှစ်ဖက်ရင်ဆိုင်ထားဆဲဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်နေပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ၃၄ ယောက်ရှိပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၁ ယောက် မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။