Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁၂ ဦး သေဆုံး
DVB
·
October 31, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်နယ်ထဲမှာ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေက တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို မောင်းသူမဲ့လေယာဥ်ငယ် ဒရုန်းတွေနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ညောင်ပင်ဂိတ်၊ အမှတ် ၃ ဂိတ်၊ ခမရ ၉၇ တပ်ရင်းဝင်း၊ ကော့ကရိတ်မြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရွှေနတ်တောင်၊ ချောင်းဆုံဘုန်းကြီးကျောင်း၊ မြို့တော်ဦး ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ မြေပြင်ဒရုန်းရဲဘော်တဦးက “တိုက်ခိုက်ခဲ့တဲ့နေရာအားလုံး ၇ ခုပေါ့၊ တပ်စခန်းတွေချည်းပဲလည်း မဟုတ်ဘူးဗျ။ ၂၇ ရက် ၂၈ ရက်တွေက တိုက်ပွဲတွေ ဖြစ်တယ်လေ။ အဲ့ချိန် ဒီကောင်တွေရှိတဲ့ဂိတ်တွေ၊ သူတို့အောင်းနေတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းတွေ၊ တပ်စွဲအခြေပြုထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ တည့်တည့်ထိမှန်ကြောင်း ဗွီဒီယိုဖိုင်မှာ မြင်တွေ့ချက်အရ အတည်ပြုနိုင်ပေမဲ့ မြေပြင်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ထိခိုက်သေဆုံးမှုကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့က ပြည်သူတွေကိုလည်း အခုလို တိုက်တွန်းထားပါတယ်။

မြေပြင်တော်လှန်ရေးသမားတဦးက “စကစ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဝေးရာမှာ နေစေချင်တယ်။ ကျနော်တို့က သူတို့ကို အုပ်ချုပ်ခွင့်ပေးမှာ မဟုတ်တော့ဘူး။ သူတို့အုပ်ချုပ်ရေး ယန္တရားတွေကို ဖျက်ဆီးပစ်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေနဲ့အတူ ရက်စွဲတိုင်း ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး  ပြည်သူ ၁၂ ယောက် သေဆုံးကာ ကလေးငယ်အပါအဝင် ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးရယူထားတဲ့ နေရာတွေကို  KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်၊ ခလရ ၉၇၊ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တံတားဦးရပ်ကွက်နဲ့ ကြာအင်းကုန်းရပ်ကွက်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၁၂ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပြည်သူတဦးက ပြောပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေလုံခြုံရေးရယူထားတဲ့ သိမ်ကုန်း၊ ချောင်းတောင်၊ အမှတ် ၃ ဂိတ်နဲ့ မြို့အဝင်အထွက်နေရာတွေကို တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ခလရ ၉၇ တပ်ရင်း ဂေါက်ကွင်းဘေးက စစ်ကောင်စီလက်အောက်ခံ ရဲသတင်း တပ်ဖွဲ့ရုံး၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးရုံး ၂ ခု မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြည်သူတွေထိခိုက်မှုမရှိအောင် တိုက်ပွဲဖော်ဆောင်ခဲ့ပေမဲ့ မြို့ခံပြည်သူတချို့က နေအိမ်စွန့်ခွာတာ မရှိတဲ့အတွက်   စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တာလို့ မြို့ခံက ပြောပါတယ်။

မြို့ခံလူမှုကူညီအသင်းတွေက ထိခိုက်ဒဏ်ရာရရှိသူတွေကို ဘားအံတောင်ကလေး စစ်ဆေးရုံကို ပို့ဆောင်ပေးထားပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

အောက်တိုဘာ ၂၉ ရက် ညပိုင်းကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ နှစ်ဖက်ရင်ဆိုင်ထားဆဲဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်နေပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း  စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ၃၄ ယောက်ရှိပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၁ ယောက် မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှေ့တန်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024