Home
ဆောင်းပါး
မည်သို့ပင် ရှိစေ
DVB
·
October 31, 2023

ရုရှား ဇာဘုရင်တွေလက်ထက်က ဂျူးလူမျိုး‌တွေအနေနဲ့ ခြံမြေတွေမှာ နေထိုင်ခွင့်မရှိပါဘူး။ ခြံမြေပိုင်ဆိုင်ခွင့်လည်း မရှိဘူး။ နေချင်ရင် မြို့ပေါ်နဲ့ ရွာတချို့မှာပဲ နေလို့ရပါတယ်။ အဲဒီလို အမိန့်ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ ခြံမြေမှာ နေချင်ရင် လာဘ်ထိုးလို့ရတယ်။ လမ်ကင်တို့ မိဘတွေက အဲဒီလို နေခဲ့ရပါတယ်။ ခြောက်လ တခါ ဆိုသလို မြင်းကောင်းမြင်းလှကြီးစီး၊ ဘွတ်ဖိနပ်ပြောင်ပြောင်ကြီးနဲ့ မျက်နှာထားတင်းတင်း အာဏာပိုင်ဟာ လမ်ကင်တို့ဆီ ရောက်လာတတ်တယ်။ ပိုက်ဆံတောင်းတယ်။ အများအားဖြင့် လမ်ကင်မိသားစုက မပေးနိုင်ကြပါဘူး။ တောင်းမရတဲ့အဆုံး ဆူပူကြိမ်းမောင်း၊ ဆဲဆိုသွားတယ်။ ခြိမ်းခြောက်သွားတယ်။ ဆယ်နှစ်သားလောက်ပဲ ရှိသေးတဲ့ လမ်ကင်တယောက် အဲဒီတုန်းက ဖိမ့်ဖိမ့်တုန်အောင် ကြောက်လို့ပေါ့။

ပထမကမ္ဘာစစ်အတွင်း တူရကီမှာ အာမေးနီးယန်းလူမျိုး ၁ ဒသမ ၂ သန်းကျော် အသတ်ခံခဲ့ရပါတယ်။ အသတ်ခံရတဲ့ အကြောင်းရင်းက သူတို့ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်လို့ပါတဲ့။ စစ်ကြီးပြီးတဲ့နောက် တူရကီရဲ့ စစ်ရာဇဝတ်ကောင် ၁၅၀ ကျော်ကို အင်္ဂလိပ်က ဖမ်းလိုက်တယ်။ မော်လ်တာကျွန်းမှာ ချုပ်နှောင်ထားလိုက်တယ်။ ဒါပေမဲ့ မကြာဘူး။ အဲဒီစစ်ရာဇဝတ်ကောင်တွေ အကုန်လုံးကို လွှတ်ပေးလိုက်ပါတယ်။ ကျွန်းက ပြန်လွတ်လာတဲ့ စစ်ရာဇဝတ်ကောင်တွေဟာ ကမ္ဘာ့အနှံ့ ဟိုဒီပြန်သွားပါတယ်။ အဲဒီ စစ်ရာဇဝတ်ကောင်တွေထဲမှာ တာလတ်ပါရှား ဆိုတဲ့ ဝန်ကြီးတပါးလည်း ပါတယ်။ တာလတ်ဟာ အာမေးနီးယန်းတွေကို ရည်ရွယ်ချက်ရှိရှိ သတ်‌ဖြတ်ခဲ့ရာမှာ အဓိကတရားခံ ဖြစ်တယ်။ သူဟာ ဘာလင်မှာ ဒုက္ခသည်အဖြစ် သွားရောက်နေထိုင်ခွင့် ရခဲ့ပါတယ်။ တရက်မှာတော့ တလီရီယန် ဆိုတဲ့ အာမေးနီးယန်း လူငယ်လေးဟာ အဲဒီဝန်ကြီးဟောင်းနဲ့ လမ်းကြားတခုမှာ တွေ့တယ်။ သေချာစုံစမ်းမေးမြန်းပြီးတဲ့နောက်မှာတော့ အဲဒီလူကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ ပါးစပ်ကနေလည်း ပြောတယ်။ ဒါက ငါ့အမေအတွက် တဲ့။ ကောင်လေးရဲ့ အမေဟာ အာမေးနီးယန်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှုမှာ သေဆုံးသွားခဲ့ရတယ်။ သူ့အမေရဲ့အလောင်းက သူ့အပေါ် ဖိနေတဲ့အတွက်ကြောင့်သာ ကောင်လေးက သေကံမရောက်ခဲ့တာပါ။

သိပ်မကြာလိုက်ပါဘူး။ အဲဒီကောင်လေးကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးတယ်။ ကောင်‌လေးကလည်း သူ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို တရားရုံးမှာ ဖွင့်ချတယ်။ ကောင်လေးတင်မကဘူး။ အဲဒီမှာရှိနေတဲ့ အာမေးနီးယန်းတွေ အားလုံး ပထမကမ္ဘာစစ်အတွင်းက အာမေးနီးယန်း ဂျီနိုဆိုက်အတွက် သက်သေခံထွက်ဆိုကြပါတယ်။ နောက်ဆုံးမှာတော့ ဘာလင်တရားရုံးဟာ ကောင်လေးကို တရားသေလွှတ်ပေးလိုက်ပါတယ်။ ကောင်လေးဟာ သူ့လုပ်ရပ်ဟာ ကောင်းလား၊ ဆိုးလား မခွဲခြားနိုင်တဲ့ စိတ်ရောဂါ အခြေအနေကြောင့် အခုလို လူသတ်လိုက်ရတာ ဆိုပြီး တရားရုံးက ဆုံးဖြတ်ချက်ချလိုက်တာပါ။

ပဲရစ်မှာလည်း အလားတူ နောက်ထပ်အဖြစ်အပျက်တခု ဖြစ်ခဲ့တယ်။ ရှလွန်ရှဝက်ဇ်ဘဒ် ဆိုတဲ့ ဂျူးလူမျိုး စက်ချုပ်ဆရာက ယူကရိန်းကာကွယ်ရေးဝန်ကြီး ဆိုင်မွန်ပက်လီယူအာကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ ၁၉၁၈ တုန်းက ယူကရိန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်ပွဲမှာ စက်ချုပ်ဆရာရဲ့ မိဘတွေ အသတ်ခံလိုက်ရတဲ့အတွက်ကြောင့်ပါတဲ့။ အဲဒီ အစုအပြုံသတ်ဖြတ်မှုမှာ ကာကွယ်ရေးဝန်ကြီးဟာ အဓိကတာဝန်ရှိခဲ့သူ ဖြစ်တယ်။ အာမေးနီးယန်းကောင်လေးလိုပဲ စက်ချုပ်ဆရာကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးတယ်။ စစ်ဆေးပြီးတဲ့နောက်မှာ အဲဒီ စက်ချုပ်သမား ဂျူးလူမျိုးကို စိတ်မနှံ့တဲ့သူမို့ဆိုပြီး ရုံးက လွှတ်ပေးလိုက်တယ်။

လမ်ကင် စိတ်ထဲမှာ စဉ်းစားမိလာတယ်။ လူတယောက်က တခြားလူတယောက်ကို သတ်တော့ကျ ပြစ်ဒဏ်ပေးခံရတယ်။ အနိမ့်ဆုံးအနေနဲ့ ရုံးတင်စစ်ဆေးခံရတယ်။ လူတယောက်က လူပေါင်းများစွာကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ သတ်တော့ကျ ဘာအရေးယူမှုမှ မရှိဘူး။ ပြန်လွှတ်ပေးတယ်။ ပြစ်ဒဏ်ကနေ လွတ်ကင်းခွင့်ရနေတယ်။ ပြီးတော့ ကမ္ဘာကြီးဟာလည်း တကယ် ခံစားရသူတွေကို ဥပေက္ခာပြုထားတယ်။ တရားမျှတမှုဟာ ပါးစပ်နဲ့ မျက်လုံးကို ပိတ်ခံရပြီး မုဒိမ်းကျင့်ခံနေရတယ်။ လမ်ကင်တယောက် အတော်လေး တုန်လှုပ်သွားတယ်။ ဘယ်လိုကမ္ဘာကြီးပါလိမ့်။ စိတ်ပျက်စရာ ကမ္ဘာကြီးပါလား။ တရားမျှတမှုက ဘယ်မှာလဲ။ ဥပဒေအရ အကာအကွယ်ဆိုတာ ဘယ်မှာလဲ။ အမှန်တရားဆိုတာကရော ဘယ်မှာ အဖက်လုပ်ခံရလဲ။ သူကိုယ်တိုင်လည်း ဒုတိယကမ္ဘာစစ်မှာ နာဇီ သတ်ဖြတ်မှုကနေ နိုင်ငံရပ်ခြား ရှောင်တိမ်းလာခဲ့ရသူ ဖြစ်တယ်။ မိသားစု ဆွေမျိုးတွေဟာလည်း ဟိုလိုကော့စ်တ်မှာ ပါသွားခဲ့တယ်။

လမ်ကင်ဟာ စိတ်ပျက်စရာ ကမ္ဘာကြီးကို ကြုံတွေ့ရပေမဲ့ စိတ်မာန်တင်းပြီး သူလုပ်စရာရှိတာကို ဆက်လုပ်တယ်။ အဲဒီ ဂျူးလူမျိုး စက်ချုပ်ဆရာ အမှုပြီးတဲ့နောက် ဆောင်းပါးတပုဒ် သူ ချက်ချင်း ရေးခဲ့တယ်။ အဲဒီဆောင်းပါးထဲမှာ စက်ချုပ်သမားရဲ့ လုပ်ရပ်ကို “beautiful crime” ဆိုပြီး အမည်တပ် ထောမနာပြုပေးခဲ့တယ်။ ကမ္ဘာကြီးမှာ လူမျိုး၊ နိုင်ငံသား၊ ဘာသာရေး အုပ်စုဝင်တွေကို သတ်ဖြတ်နေတဲ့အပေါ် အရေးယူနိုင်လောက်တဲ့ ဥပဒေ မရှိသေးဘူးဆိုပြီး အဲဒီဆောင်းပါးထဲကနေတဆင့် ထောက်ပြတယ်။ ဝေဖန်တယ်။ အဲဒီဆောင်းပါးရေးတုန်းက ဒုတိယကမ္ဘာစစ် မဖြစ်သေးဘူး။ ဒါတင်မကဘူး။ ဖိုရမ်တခု၊ ညီလာခံတခုမှာ သူ့ရဲ့တွေ့ရှိချက်တွေ၊ စာတမ်းတွေ တင်ဖို့ ကြိုးစားတယ်။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ် အောက်တိုဘာလ မက်ဒရစ်မြို့မှာ ပြုလုပ်တဲ့ ပြစ်မှုဆိုင်ရာဥပဒေတွေ စုစည်းသုံးသပ်တဲ့ နိုင်ငံတကာညီလာခံမှာ သူ့ရဲ့စာတမ်းကို တင်ပြဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သူ့ဘဝတလျှောက်လုံး လူအစုအပြုလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ် လေ့လာလုပ်ကိုင်ခဲ့တယ်။ ဘဝတခုလုံး နှစ်မြုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ တချိန်မှာ လူသိများလာမဲ့ ဂျီနိုဆိုက်ဆိုတဲ့ စကားလုံး၊ ဂျီနိုဆိုက်သဘောတရား၊ ဂျီနိုဆိုက် ကွန်ဗင်းရှင်းတွေ ပေါ်ပေါက်လာတဲ့အထိ သူ လုပ်ဆောင်ခဲ့တယ်။ လောကကြီးကို စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ရင်လည်း ရတယ်။ ဒါပေမဲ့ လမ်ကင်က သတ်သေတဲ့လမ်းကို ရွေးခဲ့သူ မဟုတ်။

ကမ္ဘာလောကကြီးဟာ စိတ်ပျက်စရာကောင်းတာကို သူ သိတယ်။ အမှောင်တိုက်တွေကို သူ မြင်တယ်။ ဒုက္ခတွေကို သူ ခံစားရတယ်။ ဒါပေမဲ့ သူ လုပ်စရာရှိတာ လုပ်မယ်။ သူ တတ်ထားတဲ့ ပညာနဲ့ သူတတ်နိုင်သရွေ့ လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လမ်ကင်ဟာ အဆုံးထိ‌ လျှောက်ခဲ့ပါတယ်။

လက်မခံချင်ပေမဲ့ “ထာဝရရန်သူ မရှိ၊ ထာဝရမိတ်ဆွေ မရှိ၊ ထာဝရအကျိုးစီးပွားသာ ရှိ၏” ဆိုတဲ့ အဆိုဟာ ယနေ့အချိန်အထိ မှန်နေတုန်းပဲဆိုတာ လက်တွေ့ပါပဲ။ အမှန်တရားပေမဲ့ အားမရှိတော့ ခံနေရတယ်။ တရားမျှ‌တပေမဲ့ အကျိုးစီးပွား မဖြည့်ဆည်းပေးနိုင်တော့ တရားမျှတမှုအတွက် ဖော်ဆောင်ပေးဖို့ ပျက်ကွက်နေကြတယ်။ ဥပဒေတွေ၊ သဘောတူစာချုပ်တွေ၊ ကျင့်ဝတ်တွေ၊ မူဝါဒတွေ ရှိပေမဲ့ စာရွက်ပေါ်မှာပဲ အချိန်ကုန်နေကြတယ်။ ဆွေးနွေးပွဲဆိုတဲ့ အာရိုက်တဲ့နေရာမှာပဲ အချိန်ဖြုန်းနေကြတယ်။ စိတ်ပျက်မယ်ဆို စိတ်ပျက်စရာ ကမ္ဘာကြီးပဲ။ လမ်ကင်တို့ခေတ်ကနဲ့ စိတ်ပျက်ရတာက အတူတူပဲ။

ဒါပေမဲ့

ဘယ်လောက်ပဲ ဘာတွေပဲ ဆုံးရှုံးပါစေ

မျှော်လင့်ချက်တွေ မဆုံးရှုံးပါစေနဲ့ပေါ့။

ယုံကြည်ရာတွေ ပစ်မချလိုက်ပါနဲ့။

ဖြစ်ချင်တာ မဖြစ်ဘဲ ဖြစ်ချင်သလိုဖြစ်နေတဲ့ ကမ္ဘာကြီးမှာ

ဒူပေနာပေ ခံနိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်သူတွေတော့ ဖြစ်ကြပါစေပေါ့။

ဥပဒေပညာရှင်ကြီး လမ်ကင်ကတော့ ဆုံးရှုံးထိခိုက်မှုတွေ၊ မတရားမှုတွေ ရှိနေတဲ့ ကမ္ဘာကြီးမှာ ကျန်တာတွေ ဆုံးရှုံးချင် ဆုံးရှုံးပါ၊ မျှော်လင့်ချက်တော့ မဆုံးရှုံးပါနဲ့ ဆိုတာကို ပြသခဲ့ပါတယ်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024