Home
နိုင်ငံတကာ
စပိန်နိုင်ငံ ဘာစီလိုနာပြတိုက်တွင် ဝစ်လစ်စလစ် လည်ပတ်ကြရမည့် အထူးပြပွဲ ကျင်းပ
DVB
·
October 31, 2023

လာရောက်လည်ပတ်သူတွေ ဝစ်လစ်စလစ်နဲ့ လည်ပတ်ကြရမယ့် စပိန်နိုင်ငံက ဘာစီလိုနာအနုပညာပြတိုက်က အထူးပြပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီအစီအစဉ်ကိုတော့ ကာတာလိုနီးယား ရှေးဟောင်းသုတေသနပြတိုက်နဲ့ ကတ်တလန် Naturism Club တို့ ပူးပေါင်းပြီးတော့ မိနစ် ၉၀ ကြာ အနုပညာခရီးစဉ်အနေနဲ့ ကျင်းပလိုက်တာပါ။

ပြပွဲကို လာရောက်ကြတဲ့ ဧည့်သည်တွေဟာ ပြခန်းထဲမှာ ပြသထားတဲ့ ဘီစီ ၅ ရာစုခေတ်က လက်ရာ ဝတ်လစ်စလစ် ဧရာမ ဂရိစစ်သူကြီး ကြေးရုပ်တု ၂ ခုကို ကြည့်ရှုလေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ကြေးရုပ်တု ၂ ခုကတော့ လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်က အီတလီနိုင်ငံ၊ ရီအာချေးအရပ် ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒီပြပွဲမှာ အီတလီနာမည်ကျော် အနုပညာရှင် လွီဂီ စပင်နာရဲ့ ဓာတ်ပုံအနုပညာ လက်ရာတွေကိုပါ ခင်းကျင်းပြသထားခဲ့တာပါ။

လွီဂီ စပင်နာကတော့ နာမည်ကျော် အနုပညာမဂ္ဂဇင်းတစောင်ဖြစ်တဲ့ Artribune မဂ္ဂဇင်း ကနေ ရွေးချယ်တဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ အကောင်းဆုံး ဓာတ်ပုံဆရာဆုကို ရရှိထားခဲ့တဲ့ အပြင် သူ့ရဲ့ အနုပညာ သုတေသနနယ်ပယ်တွေထဲမှာ ပွဲကြည့်စင်တွေ၊ မြင့်မြတ်တဲ့ အရပ်ဘက်ဆီ အာရုံခံစားမှု၊ အနုပညာနဲ့ ယုံကြည်မှုကြား ဆက်စပ်မှုတွေ၊ ရှေးခေတ် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတွေ၊ ဂန္တဝင် ပန်းပုရုပ်တုတွေနဲ့ နှိုင်းယှဉ်ချက်တွေ အပါအဝင် မြောက်မြားစွာသော အနုပညာပရောဂျက်တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လတ်တလော ဘာစီလိုနာ အနုပညာပြတိုက် ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာတော့ ပြပွဲနဲ့ ပတ်သက်ပြီးတော့ လာရောက်လည်ပတ်သူတွေကို “သူတို့လိုပဲ (ဝစ်လစ်စလစ်နဲ့) ရုပ်တုတွေကြား တူညီတဲ့ သွင်ပြင်နဲ့ ဝန်းရံထားတဲ့သူတွေကြား အနုပညာလက်ရာတွေကို ခံစားရစေနိုင်မယ့်” အခွင့်အလမ်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024